By Matu GZ
သမိုင်းတရာခံ မဖြစ်ဖို့ သတိထားကြဖို့လိုပါတယ်
ကျွန်တော်တို့ မရောက်ဖူးတဲ့ နေရာဒေသသစ်တွေဆီကို ကားနဲ့ပဲဖြစ်ဖြစ်၊ လေယာဉ်နဲ့ပဲဖြစ်ဖြစ်၊ ယာဉ်တစ်မျိုးမျိုးနဲ့ပဲဖြစ်ဖြစ်၊ ခြေကျင်လျှောက်တာပဲဖြစ်ဖြစ် သွားတော့မယ်ဆိုရင် ခရီးသည် တိုင်း သိရှိထားသင့်တဲ့ ဆောင်ရန်၊ ရှောင်ရန်တွေကို ကြိုအသိပေးကြဒါ တွေ့ကြုံမြင်ဖူးကြမှာပါ။ အဓိကရည်ရွယ်ချက်ကတော့ အန္တရာယ်တွေကင်းဝေးဖို့၊ မဖြစ်သင့်မဖြစ်ထိုက်ဒါတွေ ရှောင်ရှားနိုင်ဖို့နဲ့ ရည်ရွယ်ရာပန်းတိုင်ကို ဖြောင့်ဖြောင့်ဖြူးဖြူးရောက်ရှိဖို့အတွက် ဖြစ်ပါတယ်။
မြန်မာနိုင်ငံသမိုင်းကြောင်းကို အတိုချုံ့ပြန်ကောက်ရရင် ကိုလိုနီပြုသူတွေကို ဒေသခံ/နယ်မြေခံ တိုင်းရင်းသားတွေက ပြင်းပြင်းထန်ထန်ဆန့်ကျင်တွန်းလှန်ပြီး တိုက်ခိုက်မှုတွေဖြစ်ပွားပြီး နောက် ကမ္ဘာကြီးဟာ ကိုလိုနီပြုမှုခေတ်ကုန်ပြီး လွတ်လပ်တဲ့နိုင်ငံတွေအဖြစ် စတင် တာစူထွက်ပေါ်လာချိန်မှာ မြန်မာနိုင်ငံဟာလည်း လွတ်လပ်ရေးရရှိလာတော့မယ် နိုင်ငံတစ်ခုဖြစ် လာပါတယ်။ ဒီအချိန်မှာ မြန်မာတစ်နိုင်ငံလုံး ကိုလိုနီဘဝမှ လွတ်လပ်ရေးရဖို့အတွက် ဗိုလ်ချုပ်အောင်ဆန်း ဉီးဆောင်တဲ့ ပြည်မအဖွဲ့နှင့် ကချင်အမျိုးသား ခေါင်းဆောင်များ၊ ရှမ်းအမျိုးသား ခေါင်းဆောင်များ၊ ချင်းအမျိုးသားခေါင်းဆောင်များဟာ မြန်မာနိုင်ငံလွတ်လပ် ရေးကို အတူတကွရယူပြီး တန်းတူညီမျှဝါဒဖြူစင်တဲ့မြေဆိုတဲ့ ပြည်ထောင်စုနိုင်ငံ တည်ထောင်ဖို့အတွက် ပင်လုံစာချုပ်ကို အားလုံးသဘောတူချုပ်ဆိုခဲ့ကြပါတယ်။ ဒါဟာ ပြည်ထောင်စုမြန်မာနိုင်ငံတော် ရဲ့ သမိုင်းမှတ်တိုင်အကြီးမားဆုံးပဲဖြစ်ပါတယ်။
လွတ်လပ်ရေးရပြီ မကြာမီမှာပဲ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ခေါင်းဆောင်ကြီးများ လုပ်ကြံခံ လိုက်ရမှုဟာ ပြည်ထောင်စုမြန်မာနိုင်ငံကြီးအတွက် ကြီးမားတဲဆုံးရှုံးမှုကြီးဖြစ်ပြီး အဆိုပါ နောက်ပိုင်း နိုင်ငံဉီးဆောင်တဲ့ခေါင်းဆောင်များဟာ ပင်လုံဂတိကဝတ်ကိုဆောင်ရွက်ဖို့ပျက်ကွက် ခဲ့ကြပါတယ်။ ၂၀၁၅ ခုနှစ်နောက်ပိုင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဉီးဆောင်တဲ့ အစိုးရလက်ထက်မှာတော့ ၂၁ ရာစုပင်လုံညီလာခံခေါ်ယူ ကျင်းပခြင်းဖြင့် ပင်လုံဂတိကဝတ်ကို ပြန်လည်ဖော်ဆောင်ဖို့ကြိုးစားခဲ့ပါတယ်။ သို့သော်လည်း မတရားအာဏာ သိမ်းမှုကြောင့် တစ်ဖန်ပျောက်ကွယ်ခဲ့ရပြန်ပါတယ်။
ဒီမှာအဓိကထောက်ပြချင်တဲ့ အကြောင်းအရာကတော့ သက်ဆိုင်ရာ တိုင်းရင်းသား လူမျိုးများအနေနဲ့ မိမိလူမျိုးအလိုက် ပင်လုံဂတိကဝတ်၊ ပင်လုံစာချုပ်နဲ့ အနာဂတ်ပြည်ထောင်စု စစ်စစ်ပုံတွေကို ချပြဆွေးနွေးရမျာဖြစ်ပါတယ်။ ပင်လုံစာချုပ်၊ ပင်လုံဂတိကဝတ် အကြောင်းကို လူနည်းစုတိုင်းရင်းသားတွေရဲ့ ဉီးစီးဉီးဆောင်သူများ၊ နိုင်ငံရေးခေါင်းဆောင်များမှ အဓိက ပြောဆိုဆွေးနွေးကြဒါ တွေ့ရသော်လည်း လူများစုဖြစ်တဲ့ ဗမာတိုင်းရင်းသားခေါင်းဆောင်၊ နိုင်ငံရေးခေါင်းဆောင်များမှ ရှင်းပြပြောဆို ဆွေးနွေးဒါ မတွေ့ရသလောက် ဖြစ်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံရေးရဲ့ နိုင်ငံရေးပြဿနာ အဓိကအချက်တစ်ခုဖြစ်ပါတယ်။ ပြည်သူတွေကိုယ်စား ဆောင်ရွက်ပေးနိုင်ဖို့ ရွေးချယ်ထားတဲ့သူတွေက ပြည်သူတွေသိသင့်တဲ့ အရေးကြီးအချက် အလက်တွေကို နားလည်သဘောပေါက်အောင် အသိပေးဒါ၊ ရှင်းပြဒါ၊ ဆွေးနွေးဒါမရှိဘူးဆိုရင် သမိုင်းတရားခံဟာ ပြည်သူတွေမဟုတ်ပဲ ပြည်သူကိုယ်စား ဉီးစီးဉီးဆောင် သူတွေပဲဖြစ်ပါတယ်။
ကျွန်တော်တို့နိုင်ငံမှာ တိုင်းရင်းသားအားလုံးဟာ အေးတူပူမျှလို့ ပြောပေမယ် တကယ့် လက်တွေ့မှာတော့ မဟုတ်ပါဘူး။ စစ်တပ်က သွေးခွဲဝါဒဖြန့်ထားလို့ ဖယ်ဒရယ်အကြောင်း မသိခဲ့ရပါဘူးဆိုဒါကိုတော့ အတိုင်းအတာတစ်ခုအနေနဲ့ အားလုံးနားလည်နိုင်ကြပါတယ်။ ဒါပေမယ် NLD အစိုးရလက်ထက် ကာလမှာလည်း နိုင်ငံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ အဘဉီးဝင်းတင်၊ အဘဉီးဝင်းထိန် စတဲ့ ခေါင်းဆောင်တစ်ချို့ကလွဲပြီး အခြားဗမာတိုင်းရင်းသားခေါင်းဆောင်များ အနေဖြင့် ဗမာတိုင်းရင်းသားပြည်သူလူထုများ နားလည်အောင် ပင်လုံဂတိကဝတ်တွေ၊ ဖယ်ဒရယ်ပြည်ထောင်စု အကြောင်းတွေကို ဆွေးနွေးဒါ၊ ရှင်းပြဒါမရှိသလောက်ပါပဲ။ ခုလက်ရှိ အာဏာအသိမ်းခံရချိန်မှာ ပြည်သူတွေထဲမှ ဒေါက်တာတေဇာဆန်းတို့၊ မျိုးဆက်သစ်လူငယ်များ၊ ဗိုလ်နဂါးတို့လိုမျိုး အရှိတရားကို လက်ခံပြီး ဖြစ်သင့်တဲ့အခြေအနေကို ရဲရဲဝံ့ဝံ့ဆွေးနွေးသွားဒါ တွေ့ရပေမယ့် တစ်ဘက်မှာ ယခုတိုင်အောင် တစ်ချို့သော အမတ်များ ဖယ်ဒရယ်ကို စိတ်မဝင်စားဒါ၊ မဆွေးနွေးချင်၊ မပြောချင်တဲ့သူတွေရှိနေဒါက တိုင်းပြည်အတွက် ရင်လေးဖို့ ကောင်းပြီး သမိုင်းတရားခံဖြစ်ဖို့ လမ်းစဖြစ်ပါတယ်။
ထိုနည်းလည်းကောင်းပဲ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း စတဲ့ ပြည်ထောင်စုတိုင်းရင်းသားများအနေနဲ့လည်း အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံတဲ့ ဖယ်ဒရယ်အကြောင်းပြောပြီး ဒီမိုကရေစီနည်းအရ လူတစ်ဉီးချင်းရဲ့ ရပိုင်ခွင့် အခွင့်အရေးတွေကို အလေးမထား သတိမပြုမိဘူးဆိုရင် ဒါဟာလည်း ဖယ်ဒရယ် ဖော်ဆောင်ဖို့အတွက် အတားအဆီးဖြစ်ပြီး ခက်ခဲစေမှာဖြစ်ပါတယ်။ ဒါဟာလည်း သမိုင်းတရာခံဖြစ်ဖို့ အခြေအနေတွန်းပို့မှာဖြစ်ပါတယ်။
အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အပြည့်အဝအာမခံတဲ့ ဖယ်ဒရယ် ပြည်ထောင်စုကြီးကို လက်ရှိအချိန်မှာ မတည်ထောင်နိုင်ခဲ့ဘူးဆိုရင် မြန်မာ့သမိုင်းဟာ ကလင်ဒါကျအတိုင်း နောက်နှစ် ၅၀ သော်လည်းကောင်း၊ နောင်နှစ် ၁၀၀ မှာသော်လည်းကောင်း ယခုလို အာဏာသိမ်းမှုဟာ ပြန်ပေါ်ဖို့ အကြောင်းဖန်လာပါလိမ့်မယ်။
ဒါကြောင့် ပြည်ထောင်စုစစ်စစ်ကို အကောင်အထည်ဖော်နိုင်မယ့် ဖယ်ဒရယ်ဒီမိုကရေစီ စနစ်ကို အမြန်ဆုံးအကောင်အထည် ဖော်ဆောင်နိုင်ဖို့အတွက် ပင်လုံဂတိကဝတ်ကိုအခြေခံပြီး အပြန်အလှန်လေးစားမှု၊ အပြန်အလှန်အသိမှတ်ပြုမှု၊ အပြန်အလှန်နားလည်မှုတို့ဖြင့် ဆောင်ရွက်မယ်ဆိုရင်ဖြင့် လက်ရှိကြုံတွေ့နေရသည့် နိုင်ငံရေးအကြပ်အတည်းအား အမြန်ဆုံးဖြေရှင်းနိုင်မည် ဖြစ်ပြီး သမိုင်းတရားခံဖြစ်ခြင်းမှ ကင်းဝေးနိုင်မည်ဖြစ်ပါကြောင်း။
ချင်းလုလင်
Filed under: 1 General News, 2 Burma News, 5 MSU News |
Leave a Reply