စစ်ကောင်စီ အလုပ်မဖြစ်နိုင်ကြောင်း ဂျပန်သံအမတ်ဟောင်း သုံးသပ်Nikkei သတင်းဌာနသည် ၂၀၁၄ ခုနှစ် ၂၀၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော တိုကျိုမြို့တော်ရဲတပ်ဖွဲ့ ရဲချုပ်ဟောင်း တာတီရှိ ဟီဂူချီ Tateshi Higuchi ကို မကြာသေးမီက အင်တာဗျူးပြီး မြန်မာနိုင်ငံ၏ အလားအလာ၊ မြန်မာ့အရေးကို ဂျပန်နိုင်ငံက မည်ကဲ့သို့ ကိုင်တွယ်သင့်ကြောင်းတို့ကို မေးမြန်းခဲ့ပါသည်။

အခြေအနေတွေက ဆိုးသည်ထက်ဆိုးဖို့ ဦးတည်နေပြီး၊ ပြန်ကောင်းလာမယ့် အရိပ်လက္ခဏာလည်း သိပ်မတွေ့ရပါဘူးဟု ယခင် အာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် မကြာခဏ တွေ့ဆုံဆွေးနွေးဖူးသော ဟီဂူချီက ပြောသည်။ သူသည် မြန်မာစစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်လည်း သိကျွမ်းသူဖြစ်သည်။
အင်တာဗျူးထဲမှ တည်းဖြတ်ထားသော ကောက်နုတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။မြန်မာနိုင်ငံသားတွေအပေါ် စစ်ဘက်က အရှိန်မြှင့်ပြီး ရက်ရက်စက်စက် ဖိနှိပ်ဖြိုခွင်းမှုရဲ့ နောက်ကွယ်မှာ ဘာတွေရှိမလဲမြန်မာစစ်ဘက်ဟာ သူတို့ မှန်မှန်ကန်ကန်လုပ်နေကြောင်း တကယ်ကို ယုံကြည်နေပြီး၊ ဆန္ဒပြမှုတွေအပေါ် အင်အားသုံးဖြိုခွင်းဖို့ကလွဲလို့ တခြားနည်းလမ်းကိုလည်း မသိကြပါဘူး။ ထိုင်းနိုင်ငံရဲ့ ၂၀၁၄ ခုနှစ် စစ်အာဏာသိမ်းအပြီး လုပ်ဆောင်တဲ့ တန်ပြန်အစီအမံတွေကို နမူနာယူခဲ့တဲ့ မြန်မာစစ်ဘက်ဟာ ပိုရန်လို သွေးကြွလာပုံရပြီး မြန်မာစစ်ဘက်ရဲ့ တန်ပြန်အစီအမံတွေဟာ အလုပ်မဖြစ်ခဲ့ပါဘူး။
မြန်မာနိုင်ငံမှာ ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကို စစ်ဘက်က နှိမ်နင်းဖြိုခွင်းခဲ့တုန်းကတောင်မှ စစ်ဘက်ဟာ နိုင်ငံခြားသားတွေကိုတော့ မထိခဲ့ပါဘူး။ ဒီတခါမှာတော့ စစ်ဘက်ဟာ စည်းကျော်သွားပါပြီ။ ဥပမာဆိုရင် NLD ဦးဆောင်တဲ့ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ သြစတြေးလျနိုင်ငံသားတယောက်ကို ဖမ်းဆီးအကျဉ်းချခဲ့တာ၊ အမေရိကန်စင်တာကို ပစ်ခတ်ခဲ့တာမျိုးတွေပါ။ ကျွန်တော် သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တုန်းက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ သီးသန့် တွေ့ဆုံဆွေးနွေးမှုတွေအပါအဝင် သူနဲ့ အကြိမ် ၂၀ နီးပါး တွေ့ဆုံခဲ့ပါတယ်။
သူဟာ နိုင်ငံရေးရည်မှန်းချက်ကြီးသူတယောက်ဖြစ်ကြောင်း ကျွန်တော် ခံစားသိရှိခဲ့ပေမဲ့၊ ရိုဟင်ဂျာအကျပ်အတည်းအကြောင်း ကျွန်တော်တို့ ဆွေးနွေးပြောဆိုခဲ့ကြတဲ့အခါမှာ သူဟာ စဉ်းစားချင့်ချိန်တတ်ပုံရပြီး ယုံကြည်ရမယ့်ပုံလည်း ပေါ်ခဲ့ပါတယ်။ အဲဒီဒေသမှာ ဖြစ်ပျက်နေတဲ့ ဓာတ်ပုံတွေကို သူကပြပြီးတော့ စစ်တပ်ရဲ့ အနေအထားအသေးစိတ်ကို သူက ရှင်းပြခဲ့ပါတယ်။ ဒါပေမဲ့ သူရော၊ မြန်မာစစ်ဘက်ရောမှာ နိုင်ငံကို အုပ်ချုပ်နိုင်မယ့် ခေါင်းဆောင်အရည်အသွေးတွေ မရှိကြောင်း လက်ရှိအခြေအနေက ရှင်းရှင်းလင်းလင်း ပြသနေပါတယ်။
သူ့ရဲ့ သဘောသဘာဝကို ကျွန်တော် လူကဲမခတ်နိုင်ခဲ့တာကို ကသိကအောက်ဖြစ်မိပါတယ်။ မစ္စတာ ဟီဂူချီဟာ မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးအဖြစ် ဆောင်ရွက်ခဲ့စဉ်က ဒေါ်ဆောင်ဆန်းစုကြည်နဲ့ရော ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ပါ မကြာခဏ တွေ့ဆုံခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ အခြေအနေတွေ ဘယ်လိုဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ထားပါသလဲ ကံမကောင်းအကြောင်းမလှစွာပဲ၊ ကောင်းတဲ့အလားအလာတွေတော့ ဘာတခုမှ ကျွန်တော် မမြင်မိပါဘူး။
မြန်မာစစ်ဘက်ဟာ သွေးထွက်သံယိုဖြိုခွင်းမှုတွေ၊ အမြောက်အများဖမ်းဆီးထောင်ချမှုတွေနဲ့ နိုင်ငံသားတွေကို ခြိမ်းခြောက်ပြီး ဆန္ဒပြမှုတွေရပ်တန့်အောင် လုပ်ကောင်းလုပ်နိုင်ပါလိမ့်မယ်။ အဲဒီနောက်မှာတို့ သူတို့ဟာ စီးပွားရေးအစီအမံတွေကို ဖော်ဆောင်ပြီး အထွေထွေရွေးကောက်ပွဲအချိန်ဇယားတခုကို ကြေညာကောင်း ကြေညာနိုင်ပါတယ်။ရွေးကောက်ပွဲတရပ် ပြုလုပ်ပြီး စစ်ဘက်ကလူတွေအပါအဝင် အစိုးရတရပ် ဖွဲ့စည်းပြီးတာနဲ့ အမေရိကန်၊ ဥရောပနဲ့ ဂျပန်တို့ဟာ မြန်မာနိုင်ငံကို ဒီမိုကရေစီအတိုင်းအတာတရပ်အထိရှိတဲ့ နိုင်ငံတခုအဖြစ် အသိအမှတ်ပြုရလိမ့်မယ်လို့ မြန်မာစစ်အစိုးရက တွက်ချက်ထားကောင်း တွက်ချက်ထားမှာပါ။ ရွေးကောက်ပွဲမှာ သူတို့အနိုင်ရဖို့အတွက် သူတို့ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကိုတော့ ဘေးဖယ် ပထုတ်ထားမှာပါ။
အဓိပ္ပါယ်ရှိတဲ့လိုက်လျောချက်တွေ မလုပ်ဆောင်တဲ့အပေါ် နိုင်ငံတကာရဲ့ ပိုပြီး ပြင်းပြင်းထန်ထန်ဝေဖန်မှုတွေကို မြန်မာစစ်အစိုးရက ကြံ့ကြံ့ခံဖို့ ဆန္ဒရှိကောင်းရှိနိုင်ပြီး၊ အတိုင်းအတာတရပ်အထိ ကူညီညှိနှိုင်းပေးဖို့အတွက် အိမ်နီးချင်းနိုင်ငံတွေနဲ့ အာဆီယံအဖွဲ့ကို အားကိုးနိုင်ပါတယ်။ ရွေးကောက်ပွဲလုပ်ပေးမယ်လို့ ကြေညာလိုက်မယ်ဆိုရင်တောင်မှ တင်းမာမှု လျော့ကျသွားမယ့်ပုံ မရှိပါဘူး။ စစ်ဘက်နဲ့ ဆက်နွယ်နေတဲ့ ဒီမိုကရေစီအစိုးရတရပ်ကို နိုင်ငံတကာကအသိအမှတ်ပြုဖွယ် မရှိပေမဲ့ မြန်မာစစ်ဘက်က အဲဒီအစိုးရမျိုးကို မျှော်လင့်နေပါတယ်။
နောက်ထပ်ဖြစ်နိုင်ခြေ တခုကတော့ အလုပ်မဖြစ်တဲ့ နိုင်ငံတော်အုပ်ချုပ်မှုရဲ့ အကျိုးဆက်အနေနဲ့ လုံးလုံးလျားလျားနီးပါး ပျက်ပြားပြိုလဲခြင်းပါ။ တကယ်လို့ လူထုခုခံမှုတွေ ဆက်ပြီး အရှိန်မြင့်တက်လာမယ်ဆိုရင် စစ်သားအင်အား ၄၀၀၀၀၀ လောက်ရှိတဲ့ စစ်တပ်နဲ့ ရဲအင်အား ၇၀၀၀၀ လောက်ရှိတဲ့ ရဲတပ်ဖွဲ့ဟာ အခြေအနေကို ထိန်းချုပ်နိုင်စွမ်းရှိတော့မှာ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ဆယ်စုနှစ်ကာလအတွင်းမှာ ဒီမိုကရေစီရနံ့ကို ရှူရှိုက်ခဲ့ကြရတဲ့ မြန်မာနိုင်ငံသားတွေဟာ သူတို့ ဘယ်လိုအခြေအနေမျိုးပဲဆိုက်ဆိုက် စစ်အုပ်ချုပ်ရေးကို လက်ခံကြမှာ မဟုတ်ပါဘူး။ ပြီးတော့ နယ်ခြားဒေသတွေက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေဟာလည်း စစ်တပ်နဲ့ စပြီး ထိပ်တိုက်ရင်ဆိုင်နေကြပါတယ်။
တိုက်ပွဲတွေကို အရင်ထက်ပိုပြီး ခပ်စိပ်စိပ် တွေ့လာနိုင်ဖွယ်ရှိပါတယ်။ ဘေးကျပ်နံကျပ်အနေအထားတွေကြောင့် ကာကွယ်ရေးဦးစီးချုပ်အပေါ် မြန်မာစစ်တပ်ရဲ့ သစ္စာစောင့်သိမှု အားနည်းသွားမယ်ဆိုရင်တော့ ကာကွယ်ရေးဦးစီးချုပ်ဟာ သူ့ရဲ့ ချဉ်းကပ်ပုံကို ပြောင်းပစ်နိုင်ပါတယ်။ ဒါမှမဟုတ် ရာထူးအာဏာကနေ ထွက်ပေးရနိုင်ပါတယ်။ တပ်တွင်းမှာ ထပ်ပြီး အာဏာသိမ်းတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အဆိုးဆုံးဖြစ်နိုင်ခြေကတော့ ဟိုးအရင် စစ်အုပ်ချုပ်ရေးကာလတွေကလိုပဲ မြန်မာနိုင်ငံဟာ ကမ္ဘာကြီးနဲ့ အဆက်ဖြတ်လိုက်တာမျိုး ဖြစ်သွားနိုင်ပါတယ်။
ဂျပန်နိုင်ငံက ဘာလုပ်သင့်ပါသလဲ
ပထမခြေလှမ်းအနေနဲ့ ဂျပန်နိုင်ငံက အကောင်းမြင်မှုနဲ့ ထင်ယောင်ထင်မှားယူဆချက်တွေကို စွန့်လွှတ်သင့်ပါတယ်။ အပြောင်းအလဲကို မျှော်လင့်နိုင်ဖို့အတွက် စစ်တပ်ရဲ့ အမြင်ကျဉ်းမြောင်းတဲ့ သဘောသဘာဝကို သိရှိနားလည်ပြီး မြေပြင်ပေါ်မှာရှိတဲ့ အခြေအနေတွေကို ယေဘူယျအားဖြင့် မဟုတ်ဘဲ ရှင်းလင်းစွာ အကဲဖြတ်ဖို့ လိုပါတယ်။ အဲဒီနောက်မှာတော့ ခွဲခြမ်းစိတ်ဖြာမှုတွေကို အခြေခံပြီး တန်ပြန်အစီအမံတွေကို ရေးဆွဲရပါမယ်။ အထူးသဖြင့် ဂျပန်အပေါ် ယုံကြည်မှုအပြည့်ပြသခဲ့တဲ့ မြန်မာပြည်သူလူထုရဲ့ လူ့အခွင့်အရေးကို ဂျပန်နိုင်ငံအနေနဲ့ ထည့်သွင်းစဉ်းစားသင့်ပါတယ်။
ဂျပန်အစိုးရဟာ ထိပ်တန်းဦးစားပေးအနေနဲ့ မြန်မာပြည်သူတွေရဲ့ ဘဝကို ဘယ်လိုကယ်တင်နိုင်ကြောင်းနဲ့ ဆင်းရဲဒုက္ခတွေကို သက်သာစေဖို့ ဘယ်လိုပြုလုပ်နိုင်မလဲဆိုတာကို စဉ်းစားသင့်ပါတယ်။ အဲဒီနောက်မှာတော့ ဂျပန်ရဲ့ ကိုယ်ပိုင်အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်သင့်ပါတယ်။
ဂျပန်နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားဆိုတာ ဘယ်အရာတွေပါလဲ
မြန်မာနိုင်ငံကို အာရှရဲ့ နောက်ဆုံးနယ်ပယ်စွန်းလို့လည်း တင်စားကြပါတယ်။ မြန်မာနိုင်ငံမှာ ဂျပန်ကုမ္ပဏီ ၄၀၀ ကျော် အလုပ်လုပ်ကိုင်နေကြပါတယ်။ ဂျပန်အစိုးရအနေနဲ့ အဲဒီကုမ္ပဏီတွေရဲ့ လုပ်ဆောင်မှုတွေကို အားပေးထောက်ခံခဲ့ပါတယ်။ အဲဒီအတွက်လည်း တာဝန်ရှိတယ်လို့ ခံစားရပါတယ်။ အခု လက်ရှိအခြေအနေကြောင့် မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်နေတဲ့ ကုမ္ပဏီတွေဟာ စိုးရိမ်စရာအခြေအနေပါ။ အချိန်မရွေး အာဏာသိမ်းနိုင်တယ်။ အဲဒီလိုအခက်အခဲတွေနဲ့ ကြုံတွေ့ရနိုင်တဲ့ ကုမ္ပဏီတွေကို ဘယ်လိုကာကွယ်ရမလဲဆိုတာ စဉ်းစားစရာ ကိစ္စတရပ်ပါ။
လက်ရှိအခြေအနေမှာ စီးပွားရေးလုပ်ငန်းတွေကို ထိထိရောက်ရောက် မလည်ပတ်နိုင်တော့ပါဘူး။ ဘယ်လို တုံ့ပြန်ဆောင်ရွက်ရမယ်ဆိုတာ ဆုံးဖြတ်ဖို့ ကုမ္ပဏီတခုချင်းစီအပေါ် မူတည်နေပြီး ကုမ္ပဏီတွေ လိုအပ်လာရင် အစိုးရ၊ သံရုံးတို့က သူတို့ကို မြန်မာနိုင်ငံမှ ထွက်ခွာရန် အကောင်းဆုံးကူညီပေးသင့်ပါတယ်။လက်ရှိအခြေအနေကို လက်ခံနားလည်ပြီး အဆိုးဆုံးအခြေအနေအတွက် ကြိုတင်ပြင်ဆင်တာတွေကို ဦးစားပေးသင့်ပါတယ်။
ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာအကူအညီတွေကို ပြန်လည်စဉ်းစားရေးကိုလည်း ရှောင်လွှဲလို့ မရနိုင်ပါဘူး။ ၂၀၁၁ ခုနှစ်ကတည်းက ရှိခဲ့တဲ့ ကြွေးမြီဟာ ယန်းငွေ ၁ ထရီလီယံ (ဒေါ်လာ ၉.၁၁ ဘီလီယံ) ကို ရောက်နေပါပြီ။ ချေးငွေအသစ်တွေကို ရပ်တန့်ထားနိုင်ပေမဲ့ လက်ရှိချေးငွေတွေနဲ့ ကြွေးကျန်ငွေတွေကို ဘယ်လို တောင်းယူရမလဲဆိုတာကို ကျွန်တော်တို့ စဉ်းစားဆုံးဖြတ်ဖို့ လိုအပ်ပါတယ်။ အဲဒါဟာ အန္တရာယ်ရှိတဲ့ ပြဿနာတရပ်ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ငွေကြေးအကူအညီအတွက် ကြိုတင်သတ်မှတ်ချက်တွေ ပြောင်းလဲသွားပြီဖြစ်တာမို့ ချေးငွေအစီအစဉ်အတွက် အခု ပြန်လည်သုံးသပ်ဖို့ တောင်းဆိုလို့ရပါတယ်။
နှစ်နိုင်ငံ ကာကွယ်ရေးတပ်တွေကြား ဖလှယ်တာတွေနဲ့၊ မြန်မာနိုင်ငံမှာ ကျန်ရှိနေတဲ့ ဂျပန်နိုင်ငံသား ၁၆၀၀ ရဲ့ လုံခြုံရေးအတွက် အာမခံမှု၊ သူတို့ ဂျပန်နိုင်ငံကို ပြန်လည်ရောက်ရှိနိုင်ရေးအပါအဝင် တခြားကိစ္စရပ်တွေကိုလည်း ကျွန်တော်တို့ ပြန်လည်သုံးသပ်ဖို့ လိုပါတယ်။
ဂျပန်အစိုးရဟာ မြန်မာစစ်တပ်နဲ့ ရင်းနှီးတဲ့ ဆက်သွယ်မှုတွေ ရှိခဲ့ပါတယ်။ အဲဒီရင်းနှီးတဲ့ ဆက်သွယ်မှုတွေကို အသုံးပြုပြီး အခုအကျပ်အတည်းမှာ ဂျပန်က ကြားဝင်ဖြန်ဖြေပေးလို့ ရနိုင်လား
လက်ရှိအခြေအနေမှာတော့ မြန်မာနိုင်ငံရဲ့ ရှင်သန်ရပ်တည်ရေးအစီအစဉ်ထဲမှာ ဂျပန်နိုင်ငံက ကြားဝင်ပေးရေး မပါသေးဘူးလို့ ထင်ပါတယ်။ ဂျပန်နိုင်ငံက အဆိုပြုထားတဲ့ ဘယ်အစည်းအဝေးကိုမဆို မြန်မာစစ်တပ်က သံတမန်ရေးရာ ရပ်တည်ချက်လို့ယူဆပြီး ရိုးသားပွင့်လင်းစွာ တွေ့ဆုံဖို့ ဖြစ်နိုင်ခြေနည်းပါတယ်။ ဒီလိုအဆိုပြုချက်ကြောင့် သူတို့ ဒေါသထွက်နိုင်တယ်။ ဒါပေမယ့် မြန်မာနိုင်ငံ ချွတ်ခြုံကျသွားပြီး အကျိုးဆက်အဖြစ် မြန်မာစစ်ဘက်ဟာ ချောင်ပိတ်မိသွားမယ်ဆိုရင်တော့ ဂျပန်က ကူညီကောင်း ကူညီနိုင်ပါလိမ့်မယ်။ အဲလိုဆိုရင်တော့ ရလဒ်ထွက်လာဖို့အတွက် ဂျပန်ဟာ အမေရိကန်နဲ့အတူ ပူးပေါင်း ဆောင်ရွက်သင့်ပြီး၊ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုတွေ ချမှတ်သင့်ပါတယ်။
ခက်ခဲတဲ့ ရပ်တည်ချက်က မြန်မာကို တရုတ်နိုင်ငံဆီ တွန်းပို့လိမ့်မယ်ဆိုတဲ့ စိုးရိမ်မှုတွေရှိနေပါတယ်။ သံအမတ်ကြီး ဘယ်လိုထင်ပါသလဲ
အခြေအနေက သိပ်ပြီး ရိုးရှင်းမနေပါဘူး။ စစ်အာဏာသိမ်းမှုကို စိတ်အနှောင့်အယှက်ဖြစ်စရာလို့ တရုတ်နိုင်ငံက ယူဆနေကောင်း ယူဆနေမှာဖြစ်ပြီး စိတ်ပျက်ချင် စိတ်ပျက်နေမှာပါ။ မြန်မာပြည်သူ တော်တော်များများကလည်း မြန်မာစစ်တပ်ကို တရုတ်က ကျောထောက်နောက်ခံပေးထားတယ်လို့ ထင်မြင်ယူဆပြီး၊ တရုတ်ဆန့်ကျင်ရေးစိတ်ဓာတ်ကြီးထွားလာပြီး မြန်မာနိုင်ငံထဲက ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းတွေလိုမျိုး တရုတ်အကျိုးစီးပွားတွေကို အန္တရာယ်ပေးလာနိုင်ပါတယ်။ တရုတ်နိုင်ငံအတွက်ကတော့ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ သူတို့ရဲ့အကျိုးစီးပွားတွေကို လုံခြုံအောင်လုပ်ဖို့၊ ကာကွယ်ပေးဖို့ထက် ပိုပြီးအရေးကြီးတာ မရှိပါဘူး။ တရုတ်နိုင်ငံဟာ အဲလိုကာကွယ်ပေးဖို့အတွက် ဘယ်နည်းလမ်းကိုမဆို သုံးဖို့ အသင့်ဖြစ်နေပေမဲ့ စဉ်းစားဆင်ခြင်သင့်ပါတယ်။
ကျွန်တော့်အထင်ကတော့ မြန်မာပြည်သူတွေကို မြန်မာစစ်တပ်က သတ်ဖြတ်နေခြင်းကို ရပ်တန့်ပေးရေးနဲ့ မြန်မာစစ်တပ်က စီစဉ်မယ့် အထွေထွေရွေးကောက်ပွဲကို နိုင်ငံတကာအသိုင်းအဝိုင်းက လက်ခံလာရမယ့် အနေအထားတရပ်ကို မြန်မာနိုင်ငံက ဖန်တီးပေးဖို့ တရုတ်က မြန်မာစစ်တပ်ကို တောင်းဆိုရမှာပါ။
ကြားဝင်မစွက်ဖက်ရေးဝါဒစွဲကိုင်သူ အာဆီယံနိုင်ငံတွေလည်း အတူတကွပါဝင်လာအောင် တရုတ်က တိုက်တွန်းရမှာပါ။ မြန်မာက လက်နက်ကိုင်သူပုန်တွေအပေါ်ရှိတဲ့ သြဇာသက်ရောက်မှုကိုလည်း တရုတ်နိုင်ငံက အသုံးချကောင်း အသုံးချနိုင်ပါတယ်။ ဒါပေမဲ့ မြန်မာစစ်တပ်ဟာ တရုတ်နိုင်ငံတခုတည်းကိုပဲ ရွေးချယ်စရာအဖြစ်ရှိမယ့် အခြေအနေမျိုးကို ရောက်ချင်မှာ မဟုတ်ဘူးဆိုတဲ့ အချက်ကို သတိပြုသင့်ပါတယ်။ ဂျပန်နဲ့ နိုင်ငံတကာအသိုင်းအဝိုင်းဟာ ဒီအချက်ကို စိတ်ထဲမှာ အလေးထားပြီး ဆောင်ရွက်သင့်ပါတယ်။
*ကူးယူတင်ပြချက်သာဖြစ်ပါတယ်။Ref. credit to ဒေါက်တာတင့်ဆွေ
Filed under: 1 General News, 2 Burma News |
Leave a Reply