• Specific News

  • July 2021
    S M T W T F S
     123
    45678910
    11121314151617
    18192021222324
    25262728293031
  • Donate Us

    Category 1: at the following link https://www.gofundme.com/manage/assistance-to-victims-of-military-coup-in-burma (or) Category 2: https://matupi.org/aids/

Advice to NUG & CRPH on Burmanization Policy


Burmanization is not what the Burmese are committing but the individual who misuses the Burmese for their own benefits, which the majority of Burmese need to see and fix the problems.

In this regard, no Burmese individual are committing crimes but a handful of people misused the name of Burmese for their benefits while creating mistrust among Burmese language speaking group and ethnics group. We all need to see clearly the real problem in order to provide the right medicine to heal the pain.

** ဗမာတို့ မြင်ဖို့ ***

ဗမာလူမျိုးကြီးဝါဒ ရှိနေတာ၊ အဲဒီ့လို ရှိနေတယ်ဆိုတာကို ဗမာအများစုက မမြင်တာဟာ ပြည်တွင်းစစ်သက်ဆိုးရှည်ရခြင်း၊ မငြိမ်းချမ်းရခြင်း အကြောင်းရင်းတစ်ခုပဲ။

ဒီအဆိုကို ကန့်ကွက်မယ့်၊ ငြင်းမယ့်သူတွေ အများကြီး ပေါ်လာမယ်ဆိုတာ ကျမသိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဗမာအများစုဟာ ကိုယ့်ကိုယ်ကို ဗမာလူမျိုးကြီးဝါဒီလို့ မမြင်ကြလို့ပါ။

ဗမာလူမျိုးကြီးဝါဒ ရှိတယ်လို့ ပြောတဲ့သူဟာ ဖြိုခွဲရေးသမားပဲလို့ ဗမာနိုင်ငံရေးသမား တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောဆိုတာကို တွေ့ရတာကြောင့် ဒီစာကို ကျမရေးဖြစ်တာပါ။

(ကျမက ကိုယ့်ကိုယ်ကို လူကို လူလို့မြင်တဲ့ လူတစ်ယောက်လို့ပဲ မှတ်ယူပါတယ်။ ဒါပေမဲ့ ရွေးချယ်ခွင့်မရှိတဲ့ မွေးဖွားခြင်းအကျိုးပေးအရ DNAမှာ ဗမာသွေးရာခိုင်နှုန်း များများရောနှောနေတဲ့ လူတစ်ယောက်၊ ဗမာစကားပဲပြောတတ်တဲ့ ဗုဒ္ဓဘာသာဝင်ဖြစ်တဲ့ လူတစ်ယောက်၊ National identity နဲ့ လူမျိုးစု တထပ်တည်းကျနေတဲ့ မှတ်ပုံတင်ကဒ်ပါ ဗမာ/ဗုဒ္ဓ တစ်ယောက် ဖြစ်နေတာကြောင့်၊ ဒီနေရာမှာ ဗမာလူမျိုးကြီးဝါဒအကြောင်း ဗမာအချင်းချင်း ဗမာတွေကို ပြောခွင့်ရှိတယ်လို့ မြင်ပါတယ်။)

တကယ်တော့ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်ပြီး ကိန်းဝပ်နေတဲ့၊ အပေါ်ယံဖုံးကာခံထားရတဲ့ ဒီလူမျိုးကြီးဝါဒ အနာစိမ်းရှိနေတယ်ဆိုတာကို အရှိအရှိအတိုင်း ဖွင့်ထုတ် သိမြင်လက်ခံကြ၊ ဆွေးနွေးကြ ၊ ဆင်ခြင်ကြ၊ ပြုပြင်ပြောင်းလဲကြတာကြောင့် ပြည်ထောင်စုကြီး ပြိုကွဲစရာ မရှိပါဘူး။ ဒီအနာစိမ်းဝါဒကြီးကို မျက်ကွယ်ပြုပြီးနေရင်သာ အနာပိုရင်း ပိုဆိုးမယ့် ဆိုးကျိုး ရှိတာပါ။

ဗမာလူမျိုးကြီးဝါဒရှိတယ် ဆိုတာကို လက်မခံကြသရွေ့၊ မချေချွတ်ကြသရွေ့ အမျိုးသားပြန်လည်ရင်ကြားစေ့မှု ရမှာ မဟုတ်ဘူး။ ပြည်တွင်းစစ်တွေ ရပ်စဲမှာ မဟုတ်ဘူး။ ရေရှည်ငြိမ်းချမ်းရေး တည်ဆောက်နိုင်မှာ မဟုတ်ဘူး။

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအိပ်မက် ရွှေပြည်တော်မျှော်တိုင်းဝေးဦးမှာပါ။ ဒါကြောင့် ဒီဝါဒကိုသာ ဆေးကြော ဖောက်ထုတ် ကုသသင့်တာပါ။ ဒီလိုကုသဖို့တာဝန်ဟာလည်း ဗမာတွေကိုယ်တိုင်မှာသာ တာဝန်လုံးလုံးရှိတယ်လို့ မြင်ပါတယ်။

ဒီတော့ ဗမာအရပ်သားပြည်သူ လူများစုအမြင်မှာ ဒီဝါဒက invisible ဖြစ်နေစေအောင် ဘယ်အရာတွေက ဖုံးကွယ်ထားသလဲ။ ဒါမှမဟုတ် ignorant ဖြစ်နေကြတာလား။ ဗမာတွေကို ဖိနှိပ်သူလူမျိုးစုလို့ ဘာကြောင့်ရှုမြင်ကြပြီး၊ ဗမာတွေကိုယ်တိုင်ကကျတော့ ကိုယ့်ကိုယ်ကို ဘာကြောင့် အဲဒီ့လိုမမြင်ကြတာလဲ ဆိုတာကို ကျမတို့တွေ နားလည်အောင် စောကြောကြဖို့ လိုပါတယ်။

“တခြားဘယ်တိုင်းရင်းသားလူမျိုးစုအပေါ်မှာမှ တို့က မတရားသဖြင့် သဘောမထားဘူး၊ မဆက်ဆံဘူး။ တိုင်းရင်းသားတွေကို တို့ကချစ်တာပဲ။” လို့ အရပ်သားပြည်သူဗမာတွေက ယုံကြည်ကြပါတယ်။ လူမျိုးရေးခွဲခြားမှုဟာ လူပုဂ္ဂိုလ်တစ်ဦးချင်းနဲ့ပဲ သက်ဆိုင်တယ်၊ လူတစ်ယောက်နဲ့တစ်ယောက် စိတ်ချင်းမတူ အပြုအမူချင်းမတူကြလို့ လူတစ်ယောက်ချင်းစီ ကောင်းမှု မကောင်းမှု အပေါ်မှာသာ မူတည်တယ်၊ စနစ်ကြီးနဲ့ ဝါဒကြီးနဲ့ ခွဲခြားထားတာ မရှိဘူးလို့လည်း ယူဆတတ်ကြပါတယ်။

ဗမာအများစုရဲ့ အမြင်ကတော့ “စစ်အာဏာရှင်ရဲ့ဖိနှိပ်မှုဒဏ်ကို ဗမာမဟုတ်တဲ့တိုင်းရင်းသားလူမျိုးစုတွေ ခံစားရသလို ဗမာတိုင်းရင်းသားလူမျိုးစုလည်း ခံစားရတာပဲ၊ အာဏာရှင်ဖိနှိပ်မှုဒဏ် ခံကြရတာ အတူတူပဲ” ဆိုတဲ့ အမြင်ပါ။

၁၉၈၈ဒီမိုကရေစီအရေးတော်ပုံ ချေမှုန်းခံရပုံနဲ့ ၂ဝဝရရွှေဝါရောင်တော်လှန်ရေးကာလဟာ သက်သေတွေပေါ့။ နောက်ပြီး “ဆင်းရဲနွမ်းပါးဒုက္ခရောက်မှုကို တိုင်းရင်းသားဒေသတွေမှာ ခံစားရသလို ဗမာအများစုနေထိုင်ရာဒေသတွေမှာလည်း ခံစားနေရတာ အတူတူပဲ။ အညာမှာဆို စားစရာတောင်မရှိတဲ့ ဗမာတွေ အများကြီးပဲ” လို့ ပြောကြပါတယ်။ “စစ်တပ်ဟာ ဗမာအများစုပါတဲ့ ဗမာစစ်တပ်ဖြစ်တာကိုထောက်ပြီး စစ်တပ်လုပ်သမျှဟာ ဗမာလုပ်တာပဲလို့ အခြားတိုင်းရင်းသားတွေက မဆီမဆိုင်ရောမြင်တာဟာ မတရားဘူး။” လို့လည်း အမြဲတစေ ငြင်းချက်ထုတ်လေ့ရှိကြပါတယ်။

“ဗမာလူမျိုးကြီးဝါဒက ငါနဲ့ဘာဆိုင်လို့လဲ။ ငါလည်း ဘယ်တိုင်းရင်းသားကိုမှ မတရားမလုပ်ဘဲနဲ့” လို့ ဗမာတစ်ယောက်က တွေးမိနိုင်ပါတယ်။

ဒါပေမဲ့ တကယ်တော့ လူမျိုးကြီးဝါဒဆိုတာဟာ လူပုဂ္ဂိုလ်တစ်ဦးချင်းကို ပြောတာမဟုတ်ပါဘူး။ စနစ်အရ ဒီဝါဒတစ်ခုကနေ အကျိုးကျေးဇူးခံစားနေရတာကို လူမျိုးကြီးဝါဒလို့ ခေါ်တာပါ။ ကိုယ်တိုင်ကျူးလွန်တာမဟုတ်ပေမယ့် ကျူးလွန်တဲ့စနစ်ကနေ အကျိုးကျေးဇူးကိုခံစားခွင့်ရတာကလည်း လူမျိုးကြီးဝါဒပါပဲ။

ဗမာဖြစ်တာကြောင့်မို့လို့ ရနေတဲ့ အလိုအလျောက်အခွင့်အရေး၊ ဗမာမဟုတ်တဲ့ တိုင်းရင်းသားတွေထက်စာရင် အကျိုးခံစားခွင့် ပိုရှိတာတွေပေါ့။ တကူးတကပိုကြိုးစားအားထုတ် တွန်းဖွင့်စရာမလိုဘဲ ဗမာဖြစ်နေမှုကြောင့် ပွင့်တဲ့ invisible door တွေ ရှိပါတယ်။

ခါကာဘိုရာဇီကနေ ဝိတိုရိယအငူအထိ၊ ရှမ်းကုန်းပြင်မြင့်အရှေ့စွန်းဆုံးအချွန်းလေးကနေ ရခိုင်အနောက်စွန်းဆုံးအထိ၊ မြန်မာနိုင်ငံမြေပုံဧရိယာတခုလုံး အရှေ့အနောက်တောင်မြောက် တနိုင်ငံလုံးကို ငါတို့မြန်မာပြည်လို့ ဗမာတိုင်းရင်းသားလူမျိုးစု လူများစုက မြင်ကြ ခံစားမိကြတတ်ပါတယ်။

ဒါပေမဲ့ ဗမာမဟုတ်တဲ့တိုင်းရင်းသားလူမျိုးစု အများအပြားရဲ့အမြင်မှာတော့ အဲဒီ့လို တနိုင်ငံလုံးကို ငါတို့ပြည်လို့ မခံစားနိုင်အောင်၊ ကိုယ်နေထိုင်ရာဒေသကိုပဲ ကိုယ့်ပြည်လို့ မှတ်ယူရအောင် နှစ်ပေါင်း (၇၀) ကျော် ခါးသီးတဲ့သမိုင်းက ဟန့်တားခံထားရပါတယ်။

ဗမာဟာ တိုင်းရင်းသားလူမျိုးစုတစ်ခုဖြစ်ပြီး မြန်မာကတော့ တိုင်းရင်းသားလူမျိုးစုအားလုံးကို ကိုယ်စားပြုတဲ့ နိုင်ငံအမည်လို့ ပြောပါတယ်။ ဒါပေမဲ့ ရုံးသုံးဘာသာစကားဖြစ်တဲ့ မြန်မာစကားဟာ ဗမာလူမျိုးစုရဲ့စကားဖြစ်ပြီး မြန်မာစာဟာ ဗမာစာဖြစ်တာကိုကြည့်ရင် မြန်မာ/ဗမာဟာ နှစ်ပေါက်တစ်ပေါက်ရိုက်တာပဲဆိုတာ အရှင်းကြီးပါ။ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ စုပေါင်းနေထိုင်ကြတဲ့နိုင်ငံမှာ ဗုဒ္ဓဘာသာကို တရားဝင်နိုင်ငံတော်ဘာသာအဖြစ် သတ်မှတ်တာ၊ သာသနာရေးဝန်ကြီးဌာနကိုကြည့်လိုက်ရင်လည်း နိုင်ငံမှာရှိတဲ့ ဘာသာအားလုံးကို ကိုယ်စားမပြုဘဲ ဗုဒ္ဓဘာသာတခုတည်းကိုသာ promoteလုပ်တာ၊ ဗုဒ္ဓဘာသာဆိုင်ရာ ပွဲလမ်းသဘင်တွေကို ဆယ့်နှစ်လရာသီ လော်စပီကာတွေနဲ့ ကျယ်ကျယ်လောင်လောင် နေ့ရောညပါ ကြိုက်သလို ကျင်းပလို့ ပြဿနာမဖြစ်ပေမယ့် ကျန်ဘာသာတွေမှာ အဲဒီ့လိုလုပ်နိုင်ခွင့် မရှိနေပါဘူး။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ ကိုယ့်ခြံဝန်းထဲမှာကိုယ် ခရစ္စမတ်ပွဲကျင်းပသူတွေကို ခဲတွေနဲ့ပေါက် ဖျက်ဆီးပြီး မတရားဗိုလ်ကျမှုဖြစ်ခဲ့သေးတယ် မဟုတ်လား။

ဗမာမှုပြုခံရခြင်းကို ဥပမာတခုပြောရရင်- ဗမာမဟုတ်တဲ့တိုင်းရင်းသားလူမျိုးစုတွေဟာ လူ့လောကထဲရောက်ရောက်ချင်း မွေးစာရင်းမှာကတည်းက ခံစားကြရသလို မွေးစာရင်းမလုပ်နိုင်သူတွေဟာလည်း သူငယ်တန်းစတက်ကတည်းက ခံကြရလေ့ရှိပါတယ်။ ဗမာမဟုတ်တဲ့တိုင်းရင်းသားလူမျိုးစုဝင် အများစုမှာ လူတစ်ယောက်ကို နာမည်နှစ်မျိုး ပိုင်ဆိုင်ထားကြရပါတယ်။ မိခင်ဘာသာနဲ့ မွေးရာပါနာမည်အပြင်၊ ကျောင်းစအပ်ချိန်မှာ ဗမာတိုင်းရင်းသားလူမျိုးစုဝင် ဆရာမဖြစ်သူက ကျောင်းသားကလေးငယ်ရဲ့တိုင်းရင်းဘာသာစကားအမည်ကို မခေါ်တတ်တာ၊ ခေါ်ဖို့ ရေးဖို့ခက်တာ စတဲ့အကြောင်းပြချက်တွေကြောင့် ဗမာနာမည်ကို ဆရာမစားပွဲမှာတင် ပေးပြီး ဖောင်ထဲဖြည့်ထည့်လိုက်တတ်ကြတာလည်း အများအပြားပါ။ ကိုယ့်နာမည်မဟုတ်တဲ့ ကိုယ်မပေးတဲ့နာမည်နဲ့ နေဖို့ဖြစ်လာရသူတွေ အများကြီးရှိပါတယ်။

မူလတန်းမှာပညာစသင်ကတည်းက ဗမာဘာသာစကားနဲ့ စာသင်ကြားရတယ်။ ဗမာကလေးငယ်တယောက်အတွက် ဒါဟာ ဘာမှမထူးဆန်းပေမယ့် နယ်စပ်ဒေသတလျှောက်က ဗမာမဟုတ်တဲ့တိုင်းရင်းသားလူမျိုးစုကလေးငယ်အတွက်တော့ အခက်အခဲတခုပါပဲ။ မိခင်ဘာသာစကားမဟုတ်တဲ့ ဗမာဘာသာစကားကို တဆင့်ဘာသာပြန်ပြီး နားလည်အောင် လုပ်ကြရတယ်။ ဒါ့အပြင် ကဗျာတွေ၊ စကားပြေတွေ၊ ဇာတ်ထုပ်တွေ အရာရာဟာ ဗမာ့ရိုးရာယဉ်ကျေးမှုတွေပဲ ဖြစ်နေပြန်တယ်။

မြန်မာ့သမိုင်းဆိုတာကိုသင်ကြတဲ့အခါမှာလည်း မြန်မာနိုင်ငံလို့ခေါ်တဲ့နိုင်ငံအတွင်းက တိုင်းရင်းသားလူမျိုးစုအသီးသီးကို ကိုယ်စားမပြုဘဲ ဗမာတိုင်းရင်းသားလူမျိုးစုရဲ့သမိုင်းရာဇဝင်နဲ့ သားအဖချင်း မိသားစုချင်း ဆွေမျိုးချင်း အပြန်အလှန်သတ်ဖြတ်နန်းလုပွဲတွေ၊ တိုင်းရင်းသားလူမျိုးစုလူနည်းစုတွေအပေါ် ဘယ်လိုနှိမ်နှင်းခဲ့ပုံတွေကိုသာ သင်ကြရပြန်တယ်။ အနော်ရထာ၊ ကျန်စစ်သား၊ ဘုရင့်နောင်၊ အလောင်းဘုရား စတဲ့ အသင်းဝင်တွေအဖြစ် ဗမာအင်ပါယာဟောင်းတွေကို ကိုယ်စားပြုစရာကြုံရတယ်။ တောင်သုံးလုံးလောက် ခြေကျင်လျှောက်ကျော်ဖြတ်ပြီး ခနော်နီခနော်နဲ့ မည်ကာမတ္တဝါးတဲကျောင်းလေးမှာ မိခင်ဘာသာစကားမဟုတ်တဲ့ သိပ်နားမလည်တဲ့ဘာသာစကားနဲ့ သင်နေရတဲ့၊ ကိုယ့်ရိုးရာမဟုတ်တဲ့ မကျွမ်းဝင်တဲ့ရိုးရာမှာအသင်ခံရတဲ့၊ ကိုယ့်သမိုင်းမဟုတ်တာကို ကိုယ့်သမိုင်းအဖြစ်အသင်ခံရတဲ့၊ ကလေးငယ်တွေ အများကြီးတွေ့ဖူးပါတယ်။

တိုင်းရင်းသားလူမျိုးစုပေါင်းစွာနေထိုင်နေတဲ့နိုင်ငံရဲ့ ကျောင်းသင်ရိုးညွှန်းတမ်းမှာ ဗမာလူမျိုးရဲ့ဖြစ်တည်မှုက နေရာအများဆုံးယူထားတာ၊

အမျိုးသားယဉ်ကျေးမှုအမွေအနှစ်အကြောင်း ပြောတဲ့အခါ ဗမာလူမျိုးရဲ့သမိုင်းကြောင်းနဲ့ အမွေအနှစ်ကိုသာ အလိုအလျောက်ဦးတည်တာ၊

တခြားတိုင်းရင်းသားလူမျိုးစုတွေဟာ ပွဲလမ်းသဘင်မှာ ဝတ်စုံဝတ်ကပြရုံ တိုကင်အဖြစ်ထက် မပိုတာ အစရှိတာတွေဟာ ဗမာမှုပြုခြင်းရဲ့ခြေရာလက်ရာတွေပါပဲ။

မြန်မာနိုင်ငံရဲ့ပထမဆုံး သမ္မတဟာ ရှမ်းလူမျိုး၊ ပထမဆုံးကာကွယ်ရေးဦးစီးချုပ်က ကရင်လူမျိုး ဖြစ်ခဲ့ဖူးပေမယ့် ဒီနောက်ပိုင်းမှာ ဗမာ/ဗုဒ္ဓဘာသာမဟုတ်တဲ့ တိုင်းရင်းသားလူမျိုးစုတွေဟာ တပ်မတော်မှာ ရာထူးကြီးကြီး ဆက်မရနိုင်တာ၊ ဗမာမဟုတ်တဲ့တိုင်းရင်းသားလူမျိုးစုဝင်ဖြစ်ပေမယ့် ရာထူးမြင့်မြင့်ရနေသူ အနည်းငယ်လေးကလည်း ဗုဒ္ဓဘာသာဖြစ်နေတာ၊ အရပ်သားအစိုးရလက်ထက် အုပ်ချုပ်ရေးပိုင်းမှာလည်း tokenအဖြစ်ပါရပေမယ့် သာရေးနာရေးတာဝန်ထက် ဆက်လုပ်ခွင့်မရှိတာ အစရှိတာတွေက institutionalized ခွဲခြားမှုတွေပါပဲ။

ပြည်တွင်းစစ်က ရှည်ကြာလွန်းတဲ့အခါ ဒီပြည်ထောင်စုကို ဘယ်လိုတည်ထောင်ခဲ့ပုံ၊ ၂ဝရာစုပင်လုံနဲ့ တိုင်းပြုပြည်ပြုလွှတ်တော်မှာ တန်းတူညီမျှဖို့ ကတိကြောင့် ပြည်ထောင်စုဖြစ်ပေါ်လာပုံ၊ တောင်တန်းနယ်တွေအရေးကို တောင်တန်းသားတွေကသာ စီမံအုပ်ချုပ်ခွင့်ရှိဖို့ ကတိတွေပေးခဲ့ပုံ၊ ပဋိပက္ခ ဘယ်ကစပုံ အစရှိတာတွေကို ဖုံးလွှမ်းသွားတဲ့ ဝါဒဖြန့်မှုတွေအကြား ဗမာမျိုးဆက်သစ်တွေ ရောတိရောယောင်ဖြစ်နေစေခဲ့ပါတယ်။

ဗမာမဟုတ်တဲ့တိုင်းရင်းသားလူမျိုးစုဒေသ ပြည်နယ်တွေဆီကနေ ထွက်သမျှကို ဗဟိုအစိုးရဖြစ်တဲ့ ဗမာတွေကနေ ထိန်းချုပ်နေခဲ့ပြီး ပြန်အသုံးချမှုမှာတော့ ပြည်နယ်အတွက်နည်းနည်းနဲ့ ဗမာအများစုနေထိုင်ရာ ပြည်မဖွံ့ဖြိုးရေးအတွက်များများ ဖြစ်နေခဲ့တာ ငြင်းမရတဲ့အချက်ပါ။ အခုထက်ထိတောင် ပြည်နယ်ကထွက်တာရဲ့ ၃ဝရာခိုင်နှုန်းကို ပြည်နယ်ဖွံ့ဖြိုးရေးပြန်သုံးပေးဖို့ဆိုတာကိုတောင် မပေးနိုင်ကြသေးဘူး မဟုတ်လား။ တကယ်တော့ ပြည်နယ်တွေရဲ့သယံဇာတက မြန်မာတနိုင်ငံလုံးကို ကျားကန်ပေးထားတဲ့ ပင်မထောက်တိုင်တွေပါ။ ဒီနေရာမှာ ပြည်တွင်းငြိမ်းချမ်းရေးဟာ သယံဇာတခွဲဝေရေးသက်သက်တော့လည်း မကပါဘူး။ ဒီ့ထက်ပိုကျယ်ပြန့်တဲ့ တန်းတူညီမျှရေး၊ ကိုယ့်ကြမ္မာ ကိုယ်ပြဌာန်းခွင့်ရှိရေးတွေ အများကြီးရှိနေတာပါ။

မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးစတင်ခဲ့တဲ့ ၂၀၁၁ခုနှစ်နောက်ပိုင်းမှာလည်း ဒီတံခါးဖွင့်မှုကို ဗမာတိုင်းရင်းသားလူမျိုးစုလူများစုနေထိုင်ရာ ပြည်မဒေသမှာ ခံစားရပေမယ့်၊ နယ်စပ်ဒေသက ဗမာမဟုတ်တဲ့တိုင်းရင်းသားလူမျိုးစုတွေကတော့ တိုက်ပွဲတွေနဲ့ စစ်ဘေးဒဏ်ကို ဆက်ခံစားနေရဆဲပါ။ အာဏာရှင်ဖိနှိပ်မှုကိုခံရတာခြင်းအတူတူပဲလို့ ညီမျှခြင်းချကြပေမယ့် တကယ်တမ်းမှာတော့ ဗမာမဟုတ်တဲ့တိုင်းရင်းသားလူမျိုးစုတွေဟာ နှစ်(၇၀)ကျော်ပြည်တွင်းစစ်နဲ့ ဖြတ်လေးဖြတ်အပါအဝင် ဗျူဟာတွေကြောင့် ပိုခံစားကြရပါတယ်။

ပဋိပက္ခဒေသတွေက ဗမာမဟုတ်တဲ့တိုင်းရင်းသားလူမျိုးစု အရပ်သားပြည်သူတွေဟာ နေရပ်စွန့်ခွာပြေးလွှား စစ်ဘေးရှောင်ရတာတွေ၊ ဒုက္ခသည်စခန်းတွေ၊ မြေမြုပ်မိုင်းတွေ၊ ဒေသခံအရပ်သားတွေကို မိုင်းရှင်းလူသားအဖြစ် အသုံးချခံရတာတွေ၊ ဥပဒေအထက်က တရားစီရင်မှုတွေ၊ တရွာလုံး တမြို့လုံးပိတ်ပြီး အပြင်ပေးမထွက်တာတွေ၊ ကိုယ့်ရွာမှာ ကိုယ်နေရင်း အရိုက်အနှက်ခံရတာတွေ၊ ဖမ်းဆီးခံရတာတွေ၊ အသားလွတ် ပစ်သတ်ခံရတာတွေ၊ မုဒိမ်းမှုအပါအဝင် တရားမျှတမှုမရတဲ့ အမှုတွေ၊ မရှိ ရှိတာ ရှာကြံပြီး ရိက္ခာပေးရတာတွေ၊ အဓမ္မလုပ်အားပေးရတာတွေ စတဲ့ ဖိနှိပ်မှုပေါင်းများစွာကို ခံကြရပြီး ဒီပြည်တွင်းပဋိပက္ခကြောင့် ကိုယ်လက်အင်္ဂါပျက်စီးရသူတွေ အသက်ဆုံးရှုံးရသူတွေ နေ့စဉ်ရှိနေတာပါ။

ဗမာပြည်သူတွေလဲ ဆင်းရဲနေကြတာပဲ၊ ဖိနှိပ်မှုကို ဗမာတွေလဲ ခံရတာအတူတူပဲ ဆိုပေမယ့်၊ ဗမာမဟုတ်တဲ့တိုင်းရင်းသားလူမျိုးစုဒေသတွေမှာ အဲဒီ့လို စားစရာမရှိ၊ နေစရာမရှိ ဆင်းရဲနွမ်းပါးမှုအပြင် အထက်မှာ ဖော်ပြခဲ့တဲ့ မလိုလားအပ်တဲ့ တရားမျှတမှုမရှိတဲ့ အတိဒုက္ခတွေ ပဋိပက္ခအနိဌာရုံတွေကို နေ့စဉ် ရင်ဆိုင်နေကြရတာပါ။ ဘယ်အချိန် ကိုယ့်အပေါ်ကျလာမယ်မှန်းမသိတဲ့ ကျည်ဆံတွေကို ကြောက်လန့်ရင်း ကျီးလန့်စာစား ရှင်သန်နေရတဲ့ဘဝတွေပေါ့။ ဗမာမဟုတ်တဲ့တိုင်းရင်းသားလူမျိုးစုတွေဟာ သူတို့ရဲ့အိမ်၊ သူတို့ရဲ့ရွာ၊ သူတို့ရဲ့ဒေသ၊ သူတို့ရဲ့နေရာမှာ နေရင်းထိုင်ရင်းနဲ့ စစ်ဘေးဒဏ်ကိုခံရတယ်။ ငါတို့ ရှမ်းပြည်နယ်မှာ ငါတို့နေရင်း၊ ငါတို့ကချင်ပြည်နယ်မှာ ငါတို့နေရင်း၊ ငါတို့ရခိုင်ပြည်နယ်မှာ ငါတို့နေရင်း၊ ငါတို့ကရင်ပြည်နယ်မှာ ငါတို့နေရင်း နှိပ်စက်တာခံရတယ်လို့ ခံစားကြတယ်။ အခု ရခိုင်ပြည်နယ်ကပဋိပက္ခကိုကြည့်ရင်လည်း ဗမာတွေက တို့တွေဟာ ရခိုင်ပြည်နယ်မှာ မြန်မာနိုင်ငံရဲ့အနောက်တံခါးကိုကာကွယ်ပေးနေတာလို့ မြင်ကြပြီး၊ ရခိုင်တွေကတော့ မြန်မာစစ်တပ်နဲ့ရဲတွေက ရခိုင်နယ်မြေထဲ ဝင်အုပ်ချုပ်နေကြတာလို့ မြင်ကြပါတယ်။

လူများစုကြီးစိုးမှုဆိုတာ ရုပ်ပိုင်းဆိုင်ရာတင်မကဘဲ စိတ်ပိုင်းဆိုင်ရာ သဘောတရားပိုင်းဆိုင်ရာကြီးစိုးမှုပါ ပါဝင်ပါတယ်။ လူတယောက်ချင်းစီကစလို့ လူမျိုးစုတစ်စုဟာ ကိုယ့်ကိုယ်ကို ပြဌာန်းခွင့် ကိုယ်တိုင်ဆုံးဖြတ်ခွင့် ရှိသင့်တာ အခြေခံအခွင့်အရေးပါ။ အဲဒီ့လိုမဟုတ်ဘဲ အကိုကြီး၊ ညီလေး အမြင်နဲ့၊ တယောက်က အမြဲအုပ်ချုပ်သူဖြစ်ပြီး ကျန်တဲ့သူတွေကို အမြဲအုပ်ချုပ်ခံအဖြစ်မြင်တာ၊ အိမ်တအိမ်မှာ စုပေါင်းနေကြပြီး အိမ်ထောင်ဦးစီးက အိမ်သားတွေဆီကရှိသမျှ အကုန်ယူပြီ၊း အိမ်သားတွေကို သူထားရာနေ သူစေရာသွားစေချင်ရင်၊ ဖိနှိပ်ရင် ခွဲခြားဆက်ဆံရင် အဲဒီ့အိမ်ဟာ ဘယ်တော့မှ ငြိမ်းချမ်းမှာမဟုတ်ပါဘူး။

ခေတ်အဆက်ဆက် ဗမာနိုင်ငံရေးသမားတွေ၊ ခေါင်းဆောင်တွေဟာ အာဏာကို လူတစ်စုကပဲ ကြီးစိုးလွှမ်းမိုးထားတာမကောင်းကြောင်းနဲ့

တန်းတူညီမျှခွင့်အခွင့်အရေးအကြောင်းကို ပြောဟောခဲ့ကြပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ သူတို့ဟာ အဲဒီ့အာဏာကြီးစိုးတဲ့နေရာကိုရအောင် တန်းတူကြိုးစားခွင့်ရဖို့ ပြောတာသာဖြစ်လာခဲ့ပြီး အာဏာကြီးစိုးနိုင်တဲ့နေရာကိုရောက်တဲ့အခါ အဲဒီ့လိုဖြစ်နေတဲ့စနစ်ကြီးကို မပြင်ကြပါဘူး။

ဗမာမှုပြုခြင်းနဲ့ ဗမာလူမျိုးကြီးဝါဒအကြောင်းကို ဗမာတွေက မပြောဘဲ ရှောင်နေတာဟာ အဖြေမဟုတ်ဘူးလို့ ကျမထင်ပါတယ်။ အဲဒီ့လိုဝါဒမရှိဘူးလို့ ငြင်းရုံနဲ့လည်း ရှိနေတာကြီးက ပျောက်ကွယ်သွားမှာမဟုတ်ပါဘူး။ ကိုယ့်ကြမ္မာ ကိုယ်ပြဌာန်းခွင့်၊ တရားမျှတမှု၊ စနစ်အရ ခွဲခြားဖိနှိပ်မှု တွေအကြောင်းကို ဗမာတွေက ပိုတွေးဆဆင်ခြင်သင့်ပါတယ်။ ခွဲခြားမှုဟာ စနစ်ဖြစ်တယ်ဆိုတာကို အသိအမှတ်ပြုကြရပါမယ်။ ကျမတို့က ကိုယ့်ကိုယ်ကို – ငါကတော့ လူမျိုးရေးခွဲခြားသူမဟုတ်ပါဘူး၊ ငါက လူကောင်းတယောက်၊ ငါက ဘယ်သူ့ကိုမှ မဖိနှိပ်ဘူး၊ ငါက ဘယ်သူ့ကိုမှလည်း လေယာဉ်နဲ့ဗုံးကြဲမနေဘူး၊ ပစ်မသတ်နေဘူး … စသဖြင့် ခံယူသည်ဖြစ်စေ မခံယူသည်ဖြစ်စေ institutionalized ဖြစ်နေတဲ့ခွဲခြားမှုဟာ ကျမတို့နိုင်ငံမှာ ရှိနေပါတယ်။ ကျမတို့ဖန်တီးခဲ့တာမဟုတ်ပေမယ့် ကျမတို့ဆန္ဒမဟုတ်ပေမယ့် ကျမတို့ကိုယ်တိုင်မသိဘဲ အဲဒီ့ဝါဒကနေ ကျမတို့အကျိုးကျေးဇူးခံစားနေရတာရှိပါတယ်။

ဒီဗမာလူမျိုးကြီးဝါဒကို ဗမာတွေကိုယ်တိုင်က ချေချွတ်မှပဲ ကျွတ်မှာဖြစ်ပါတယ်။

တန်းတူညီမျှ ဝါဒဖြူစင်တဲ့ ပြည်ထောင်စု အမှန်တကယ်ဖြစ်ဖို့ ကြိုးစားကြပါစို့။ (ဆယ်စုနှစ်တွေနဲ့ချီ ကြာချင်လည်း ကြာမှာပေါ့။)

PS: May there be peace on earth!

ဂျပန်ပြည်သူ​တွေက ဖက်ဆစ်စနစ်နဲ့ ရက်စက်စွာအုပ်ချုပ်ခဲ့တဲ့သမိုင်းကို ” အဲ့ဒါ စစ်သား​တွေလုပ်ဒါ ငါတို့နဲ့မဆိုင်ဘူးလို့ မ​ပြောပဲ သူ့လူမျိုးဦး​ဆောင် လုပ်ခဲ့တဲ့ မ​ကောင်းမှု​​တွေအားလုံးအတွက် ​ခေါင်းခံပြီး ဝန်ချ​တောင်းပန်ကြတယ်လို့ သိရှိရပါတယ်။

လက်ရှိမြန်မာနိုင်​ရေးဖြစ်စဥ်မှာလဲ တိုင်းရင်းသားအားလုံးအ​နေနဲ့ ကိုယ့်အငန်းအတာအလိုက် တာဝန်ယူ တာဝန်ခံကြမယ်ဆိုရင် ​ရွှေပြည်​တော် မျှော်တိုင်းမ​ဝေး​တော့ပါဘူး။

Credit to NNP & BT

Advertisement

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: