• Specific News

  • June 2021
    S M T W T F S
     12345
    6789101112
    13141516171819
    20212223242526
    27282930  
  • Donate Us

    Category 1: at the following link https://www.gofundme.com/manage/assistance-to-victims-of-military-coup-in-burma (or) Category 2: https://matupi.org/aids/

Open Advice to NUG & CRPH

အချိန်မီ ပြင်ဆင်ရမယ့် NUG


စိတ်ခံစားမှုတွေ မြင့်နေကြတဲ့အချိန်မှာ သတင်းမှန်ကို ရရှိနိုင်ရေးနဲ့ ဆုံးဖြတ်ချက်အမှန် ချမှတ်နိုင်ရေးဟာ အင်မတန် အခက်အခဲဖြစ်လာပါတယ်။ တကယ့်အခြေအနေမှန်ကို မမြင်နိုင်၊ မသုံးသပ်နိုင်တော့ဘဲ စိတ်ခံစားမှုကို လိုက်ပြီး ကိုယ်မြင်ချင်ရာပဲ မြင်ကြပါတော့တယ်။ ကြာလာတော့ တကယ့်အခြေအနေမှန်က ပျောက်သွားပြီး စိတ်ကူးထဲက ထင်ယောင်ထင်မှား မျှော်လင့်ချက်တွေပဲ စွဲကပ်ကျန်ခဲ့ပါတော့တယ်။

အခြေအနေမှန်ကို တည့်တိုး မြင်ဖို့၊ မြင်အောင်ကြည့်ဖို့ လိုလာပါပြီ။ မဟုတ်ရင် ထင်ယောင်ထင်မှား ဖြစ်မှုနဲ့ အသားကျသွားနိုင်ပါတယ်။

.

တော်လှန်ရေးကာလ အရှိန်မြင့်ခဲ့တဲ့ မတ်လကုန်၊ ဧပြီအစောပိုင်း ကတည်းက မင်းအောင်လှိုင်ရဲ့ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေကြတဲ့ အဖွဲ့ပေါင်းစုံ ပေါ်ထွက်လာခဲ့ပါတယ်။ ပီဒီအက်ဖ်လို အန်ယူဂျီရဲ့ အသိအမှတ်ပြုမှုနဲ့ သွားနေတဲ့ အဖွဲ့တွေ အများကြီး ပေါ်လာသလို အန်ယူဂျီနဲ့ လုံးဝ မပတ်သက်ဘဲ ကိုယ်ကျွမ်းကျင်ရာနဲ့ ရင်းနှီးရာ လူတွေစုပြီး စစ်ကောင်စီကို တော်လှန်နေကြတဲ့ အဖွဲ့တွေလည်း အလျှိုအလျှို ပေါ်ထွက်လာပါတယ်။ (တချိန်တည်းမှာပဲ၊ ပီဒီအက်ဖ် လို့ နာမည်ခံထားပေမယ့် အန်ယူဂျီနဲ့ မပတ်သက်တဲ့အဖွဲ့တွေလည်း ရှိနေပါတယ်)

.

အန်ယူဂျီ စတင်ဖွဲ့စည်းကတည်းက တောက်လျှောက်မေးလာခဲ့ကြတဲ့ မေးခွန်းက စစ်ဦးစီးချုပ် ဘယ်သူလဲ ဆိုတာပါပဲ။ ပြန့်ကျဲနေတဲ့ တပ်ဖွဲ့တွေကို အဓိက စုစည်းလမ်းညွှန်ပေးမယ့်သူ ဘယ်သူလဲ။ ဒီမေးခွန်းကို အန်ယူဂျီက ဒီနေ့ထိ မဖြေနိုင်သေးပါဘူး။ ဟို ဝန်ကြီးဌာနက သတိပေးသလို စာတွေ တင်လိုက်၊ ဒီဝန်ကြီးဌာနက တော်လှန်ရေးကြွေးကြော်သံတွေ တင်လိုက်လုပ်နေတာက အလုပ်မဖြစ်ပါဘူး။

.

နောက်ထပ် မေးခွန်းက ပြန့်ကျဲနေတဲ့အဖွဲ့တွေဟာ အန်ယူဂျီကို သစ္စာခံစရာ လိုသလားဆိုတာပါပဲ။ တော်လှန်ရေးအဖွဲ့ တချို့ကဆိုရင် “အန်ယူဂျီရဲ့ ဦးဆောင်မှု မလိုအပ်ဘူး၊ ကိုယ့်ဘာသာပဲ သွားမယ်” ဆိုပြီးတော့တောင် ပြောကြပါတယ်။

.

ပြန့်ကျဲနေတဲ့အဖွဲ့တွေရဲ့ အားသာချက်ကတော့ နယ်မြေကျွမ်းကျင်မှုအလိုက် တော်လှန်ရေးကို ထိထိရောက်ရောက်လုပ်နိုင်တာ ဖြစ်ပါတယ်။ ဒါပေမယ့် အခြေခံသတ်မှတ်ထားတဲ့ စည်းမျဉ်း၊ ဘောင်တွေ မရှိတော့ တချို့အဖြစ်အပျက်တွေဟာ မလိုလားအပ်တဲ့ ဘေးထွက် ဆိုးကျိုးတွေကိုလည်း ယူဆောင်လာပါတယ်။ ဒါပေမယ့် ရေရှည်ဖြစ်လာမယ့် တော်လှန်ရေးအတွက် ဒီထပ်ပိုပြီး စဉ်းစားရမှာတွေ ရှိလာပါတယ်။

.

တော်လှန်ရေးအဖွဲ့ အားလုံးရဲ့ အဓိက ဦးတည်ချက်က စစ်ကောင်စီကို တော်လှန်ရေးဖြစ်ပေမယ့် အန်ယူဂျီခေါင်းစဉ်အောက် မဝင်သေးတဲ့ အဖွဲ့တွေဟာ အန်ယူဂျီရဲ့ လုပ်ကိုင်ဆောင်ရွက်မှု ‘ချို့ယွင်းချက်’ တွေကို ယုံကြည်ဖို့ ခက်ခဲလာပါတယ်။ အထူးသဖြင့် အန်အယ်ဒီ ပါတီဝင်တွေကို အခြေခံလိုတဲ့ အန်ယူဂျီရဲ့ စည်းမျဉ်းနဲ့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ‘လှေကြီးထိုးရိုးရိုးပုံစံ’ အထက်အောက် ဆက်ဆံရေးနဲ့ သွားချင်နေတဲ့ အထာက ပြန့်ကျဲနေတဲ့ တော်လှန်ရေးအဖွဲ့တွေအတွက် ဒီနေ့မှာ အခက်အခဲတစ်ခု ဖြစ်လာပါတယ်။

.

ယုံကြည်မှုကွန်ရက်နဲ့ တော်လှန်နေကြတဲ့အချိန်မှာ အရာရာကို ရုံးလုပ်ငန်းလို စာရွက်စာတမ်းအပြည့်အစုံနဲ့ သွားချင်တဲ့ အန်ယူဂျီရဲ့ လမ်းစဉ်က ပြန့်ကျဲနေတဲ့အဖွဲ့တွေကို အားမလိုအားမရ ဖြစ်စေပါတယ်။ နောက်တစ်ခုကတော့ နည်းပညာဆိုင်ရာ လုံခြုံရေး အားနည်းမှုပါ။ တစ်ယောက်ကို ဖမ်းမိတာနဲ့ ကျန်တဲ့လူတွေကိုပါ တအုံတမကြီး ဆက်တိုက်ဖမ်းဆီးခံရတဲ့ ဖြစ်ရပ်တွေက သာဓက ဖြစ်ပါတယ်။

.

“အန်ယူဂျီကို သစ္စာခံရင်ပြီးရော ကျန်တဲ့ကိစ္စ ညှိယူလို့ရတယ်” ဆိုပြီး လုပ်လို့မရပါဘူး။ ဒီအချက်က လက်ရှိအချိန်ထိ တိုင်းရင်းသားအဖွဲ့တွေနဲ့ ညှိယူလို့မရတဲ့အချက်တွေ အသိသာ အထင်ရှားဆုံး ဖြစ်ပါတယ်။ ဒီကိစ္စကို အန်ယူဂျီအနေနဲ့ အချိန်မီပြင်ဆင်ဖို့ လိုနေပါတယ်။

.

နောက်တစ်ခုကတော့ တော်လှန်ရေးအဖွဲ့တွေအတွက် အန်ယူဂျီပေးရမယ့် ကတိပါ။ တော်လှန်ရေးရဲ့ အဓိက ဦးတည်ချက်က မင်းအောင်လှိုင် စစ်တပ် ပြုတ်ကျရေးပါ။ ဒါပေမယ့် အန်ယူဂျီဟာ အနာဂါတ်မှာ မင်းအောင်လှိုင်နဲ့ ‘ညှိနှိုင်းရေး’ လုပ်သွားနိုင်သလား ဆိုတဲ့အချက်က တော်လှန်ရေးအဖွဲ့တွေကို စနိုးစနောင့် ဖြစ်စေပါတယ်။ အန်ယူဂျီအနေနဲ့ ဒီနှစ်ခုကြားက သူ့ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်းပြဖို့ လိုအပ်ပါတယ်။ မီးစင်ကြည့် က လို့မရပါဘူး။ ဒီအချက်က တော်လှန်ရေးရဲ့ ဦးတည်ချက် ဖြစ်နေတာမို့လိုပါပဲ။

.

တစ်ဖက်မှာတော့ ပြန့်ကျဲလာတဲ့အဖွဲ့တွေ များနေတဲ့အတွက် ငွေကြေးဆိုင်ရာထောက်ပံ့မှု ကစဉ့်ကလျား ဖြစ်လာပါတယ်။ တဦးချင်း တနိုင်တပိုင်လှူကြတဲ့လူတွေအတွက် ဝေခွဲမရ ဖြစ်လာသလို ငွေကြေးအတွက် အဓိက ဦးဆောင်ထောက်ပံ့သူတွေအတွက်လည်း အကြပ်အတည်း ဖြစ်လာစေပါတယ်။

.

ပြည်သူလူထုအဖို့ အန်ယူဂျီကိုသာ အဓိက အဖွဲ့အစည်းအဖြစ်မြင်ပြီး လှူဒါန်းကြတာ ဖြစ်လို့ ငွေကြေးအများစုဟာ အန်ယူဂျီဆီမှာ သွားပြီး စုနေပါတယ်။ ငွေကြေးကို ကိုင်ထားတဲ့ အန်ယူဂျီဟာ ပါဝါရှိသလိုဖြစ်လာပါတယ်။ ဒါပေမယ့် ပါဝါရှိတဲ့ အန်ယူဂျီဟာ ဒီပြန့်ကျဲနေတဲ့အဖွဲ့တွေကို လျစ်လျူရှုထားသလိုဖြစ်နေပြီး အန်ယူဂျီအောက်ရှိနေတဲ့ အဖွဲ့တွေကိုလည်း ထိရောက်တဲ့ ‘ထောက်ပံ့မှု’ လုပ်နိုင်တာ မတွေ့ရပါဘူး။

.

တကယ်လိုအပ်နေတဲ့ အဖွဲ့တွေဆီ ငွေကြေး မရောက်တော့ဘဲ မလိုအပ်တဲ့နေရာမှာ သွားပြီး စုပုံနေတာမျိုးတွေ ဖြစ်လာစေပါတယ်။ တော်လှန်ရေးကို နှောင့်နှေးလာစေပါတယ်။ နောက်ဆုံးတစ်ချက်ကတော့ အန်ယူဂျီအနေနဲ့ သူ့ဆီစုစည်းနေတဲ့ ‘ထောက်ပံ့မှု’ တွေကို ဘယ်လိုပုံစံနဲ့ သုံးစွဲနေသလဲ၊ သုံးစွဲသွားမှာလည်းဆိုတာကို တော်လှန်ရေးလုပ်နေတဲ့အဖွဲ့တွေက မသိကြပါဘူး။

.

အရှင်းဆုံး ဆိုရရင် အန်ယူဂျီအနေနဲ့ ‘ယုံကြည်မှု ကွန်ရက်’ တည်ဆောက်ဖို့ လိုနေပြီဆိုတာပဲ။ အမိန့်နဲ့ မသွားတဲ့၊ စုစည်းမှု ပိုဖြစ်စေမယ့်၊ အထက်အောက် ဆက်ဆံရေး မရှိတဲ့ ကွန်ရက်တစ်ခုကို တည်ဆောက်ဖို့ အချိန်ကျနေပါပြီ။

.

အဲ့ဒီကွန်ရက်ကနေ တဆင့် သူသွားနေတဲ့ လမ်းကြောင်း၊ သွားချင်တဲ့လမ်းကြောင်းကို ရှင်းပြ၊ ပြောပြဖို့ လိုအပ်နေပါပြီ။ ဒီနေရာမှာ နားလည်မှု မလွဲစေချင်တာက အန်ယူဂျီ ဘာလုပ်နေတယ်ဆိုတာကို ပြည်သူလူထုကို အကုန် ဖော်ထုတ်ပြောပြဖို့ မဟုတ်ပါဘူး။ ဒါပေမယ့် ပြန့်ကျဲနေတဲ့ တော်လှန်ရေးအဖွဲ့တွေကိုတော့ စုစည်းနိုင်ဖို့နဲ့ ရှင်းရှင်းလင်းလင်း ပြောပြနိုင်ဖို့ လိုတာပါ။

.

နောက်ထပ် အရေးကြီးဆုံးကတော့ ပြည်သူလူထုကို ‘ထင်ယောင်ထင်မှား မျှော်လင့်ချက်တွေ’ မပေးမိစေဖို့ပါပဲ။

By MKT (Initial name for confidential matter)

Advertisement

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: