Article is contributed by Min Taeh (in Burmese)

ဗမာဖက်ဒရယ်ယူနစ်။ ။
▂
၁။ ဗမာဖက်ဒရယ်ယူနစ်ဆိုတဲ့ စကားလုံးကို ခပ်တွင်တွင် ပြောကြတာ ကြားရလား။ မကြားရပါဘူး။ မကြားရပါဘူး။ အခုတော့ ကြားရဖို့ — အရင်ဖတ်ရပါလိမ့်မယ်။
၂။ တကယ်တော့ ဗမာဖက်ဒရယ်ယူနစ် ပေါ်ပေါက်လာရေးဟာ – ဗမာမဟုတ်သောလူမျိုးစုတွေရဲ့ အထူး လိုလားချက် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ဗမာဖက်ဒရယ်ယူနစ် ပေါ်ပေါက်ရေးဟာ – အမြော်အမြင်ရှိတဲ့ ဗမာနိုင်ငံရေးသမားတွေရဲ့ လိုလားချက်လည်း ဖြစ်နေပါတယ်။
၃။ ဒီနေရာမှာ ဗမာဖက်ဒရယ်ယူနစ် ပေါ်ပေါက်လာရေးကို ဘယ်လို (How) လုပ်ရမလဲဆိုတဲ့ နည်းနာကို မပြောပါ။ ဗမာဖက်ဒရယ်ယူနစ် ပေါ်ပေါက်ဖို့ လိုတယ်ဆိုတဲ့ နိုင်ငံရေးဆန္ဒ (Political Will) အရင်ဆုံး ပေါ်ထွက်လာရေးကို ကနဦး ပြောတာ ဖြစ်ပါတယ်။
၄။ အထူးသဖြင့် (NUG) အမျိုးသားညီညွတ်ရေးအစိုးရ အဖွဲ့ခေါင်းဆောင် အားလုံးနဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံ ကောင်စီ ကိုယ်စားလှယ်အားလုံးဟာ – ဗမာဖက်ဒရယ်ယူနစ် ပေါ်ပေါက်လာရေးသည် အထူးအရေးကြီးကြောင်း ကာယကံမြောက် ထုတ်ဖော် ပြောဆိုကြဖို့ ဖြစ်ပါတယ်။ ဒီလို ပြောရဲသလား။ ဒီလို ပြောနိုင်သလား။
၅။ လူမျိုးစုတိုင်းရင်းသား အားလုံးဟာ – ဗမာခေါင်းဆောင်တွေရဲ့ နိုင်ငံရေးသဘောထားကို အချိန်တိုင်း အကဲခတ် စောင့်ကြည့် နားစွင့်နေကြတယ် ဆိုတာ မမေ့ပါနဲ့။ အားလုံးအတူတကွ ပေါင်းစည်းကြမယ့် ဖက်ဒရယ်အတွက် ရေပြင်ညီ ဖက်ဒရယ် ယူနစ်တွေကို အရင် တည်ဆောက်ရပါလိမ့်မယ်။ ဒါက ရေပြင်ညီဆိုတဲ့သဘောနော်။ Horizontal လို့ နားလည်နိုင်ပါတယ်။ ဒေါင်လိုက် မဟုတ်ပါ။ ဒေါင်လိုက် ဖွဲ့တည်ထားတဲ့ ဖက်ဒရယ်ယူနစ်တွေ မဟုတ်ပါ။ အားလုံး တစ်တန်းတစ်စားတည်း ရှိတဲ့ ဖက်ဒရယ်ယူနစ်တွေ ဖြစ်ပါတယ်။ အဲသည့်အထဲမှာ – ဝ ဒေသကိုလည်း ဝ ဖက်ဒရယ် ယူနစ်အဖြစ် တစ်တန်းတစ်စားတည်း သတ်မှတ်ရမှာတွေ ပါလာပါလိမ့်မယ်။
၆။ လက်ရှိ ဖက်ဒရယ်အရေးမှာ မဟာမိတ်အင်အားစု စုဖွဲ့ရေးမှာ — နိုင်ငံရေးသံသယ တချို့ ရှိနေပါတယ်။ အဲသည့်အထဲမှာ — ဗမာဖက်ဒရယ်ယူနစ် ဖွဲ့စည်းရဲသလားဆိုတဲ့ မေးခွန်းပါပါတယ်။ ဒါ့ကြောင့် — အန်ယူဂျီ (NUG) အနေနဲ့ အထက်စီးက နေဖို့ စိတ်မကူးပါနဲ့တော့။
ဗမာဖက်ဒရယ်ယူနစ် ပေါ်ပေါက်ရေးကို ကာယကံမြောက် ဖော်ထုတ်ပြသကြပါ။
အန်ယူဂျီ (NUG) ရဲ့ ကိုယ်စားပြုမှု တစ်ထစ်လျော့ပါ။
တစ်နိုင်ငံလုံး အနေနဲ့ ဇွတ်အတင်း အစိုးရ မလုပ်ချင်ပါနဲ့။
ဗမာဖက်ဒရယ်ယူနစ်ရဲ့ ဗမာဖက်ဒရယ်အစိုးရ အဖြစ်သာ ကိုယ်စားပြုပါ။
ဗမာဖက်ဒရယ်ယူနစ်လည်း ပေါ်ပေါက်လာမယ်။
အန်ယူဂျီ (NUG) ရဲ့ ကိုယ်စားပြုမှုကိုလည်း ဗမာဖက်ဒရယ်ယူနစ်နဲ့ တစ်ထပ်တည်း ပုံပြုလိုက်မယ်ဆိုရင်၊ Horizontal Federal Unit Structure ကို တည်ဆောက်ပြီးသား ဖြစ်သွားပါလိမ့်မယ်။
၇။ အဲသည့်နေရာမှာ သတိချပ်ဖို့ လိုတာက — အန်ယူဂျီ (NUG)အနေနဲ့ ငါတို့ဟာ နွေဦးတော်လှန်ရေးထဲက အဓိက နိုင်ငံရေးအင်အားစုကြီး တစ်ခုသာ ဖြစ်တယ်။ ငါတို့ဟာ တစ်နိုင်ငံလုံးရဲ့ အထက်စီး / အပေါ်စီးက ထိပ်ပိုင်းအစိုးရ ဖြစ်တယ် — ဆိုတဲ့ ဉာဉ်ကို ချက်ချင်း ဖျောက်ပစ်လိုက်ဖို့ပါပဲ။
အန်ယူဂျီ (NUG) အနေနဲ့ ဗမာဖက်ဒရယ်ယူနစ် ပေါ်ပေါက်ရေးကို အဓိက ဦးဆောင်ပြီး၊ ဗမာဖက်ဒရယ်အစိုးရအဖြစ်သာ — ကိုယ်စားပြု ပါဝင်ပါ။ ထို့နောက် အားလုံး တန်းတူညီသော ဖက်ဒရယ်အစိုးရများ စုပေါင်းပြီးတော့ — ကိုယ့်နယ်မှာ ကိုယ်မလိုလားတဲ့ စစ်ခွေးတွေကို ကိုယ့်အစီအစဉ်နဲ့ ကိုယ် ရှင်းထုတ်လိုက်ပါတော့။
မင်းသေ့
နေ့လယ် ၁၁း၅၁
၆ – ဧပြီ – ၂၀၂၃
မှတ်ချက်။ ။
Facebook က ဒီပို့စ်ကို reach restrict လုပ်ထားတယ်။ အရင်နေ့ကလည်း ဗမာအကြောင်း ဆောင်းပါးတို ဖြုတ်ချ ခံထားရတယ်။ အကယ်၍ ဒီအာဘော်ကို ပြန့်စေချင်ရင် — ပုံနဲ့ စာကို ကော်ပီယူပြီး ကူးတင်ကြပါ။ (ခွင့်ပြုချက် တကူးတက တောင်းရန် မလို)
Filed under: 1 General News, 2 Burma News, 7 Opinions |




Leave a comment