• Specific News

  • September 2024
    S M T W T F S
    1234567
    891011121314
    15161718192021
    22232425262728
    2930  
  • Donate Us

    Category 1: at the following link https://www.gofundme.com/manage/assistance-to-victims-of-military-coup-in-burma (or) Category 2: https://matupi.org/aids/

Political Analysis on the current Chin versus Arakan affairs

Analyst by MBF member B. on Sep 10. 2024

သတင်း (၃) ပုဒ်၏ ရိုက်ခတ်မှုပြင်းထန်သော ချင်းပြည်

၁။ မီဇိုရမ်းဝန်ကြီးချုပ် Pu Lalduhoma ၏ မိန့်ခွန်း

၄-၉-၂၀၂၄ ရက်နေ့ အမေရိကန်ပြည်ထောင်စု၊ Indianapolis state တွင် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်း ဝန်ကြီးချုပ် Pu Lalduhoma နဲ့ ချင်းလူမျိုးများတွေ့ဆုံပွဲမှာ ဝန်ကြီးချုပ်ကပြောကြားရာတွင် –

(က) “CNF, Chin Brotherhood, Chin land Council, ZRA အရှေ့ပိုင်း အနောက်ပိုင်း၊ AA နဲ့ PDF တို့မှာ တော်လှန်ရေးအဖွဲ့အစည်းများဖြစ်ပြီး မီဇိုရမ်းနှင့် အချင်းချင်းကြား ပြဿနာဖြစ်နေလျင် စစ်ကောင်စီက ဝမ်းသာအားရမည်ဖြစ်ပြီး မိတ်ဆွေမလုပ်ပါက မီဇိုရမ်က လောင်တလိုင်ခရိုင်ကို လာထိနိုင်ကြောင်း” ၊

( ခ ) “အာရက္ခတပ်တော် AA နဲ့ ကျတော်တို့ ပြဿနာဖြစ်ရင် သူတို့က အင်အားပိုကောင်းတယ်၊ သူတို့ မှာအင်အားတော်တော်များတယ်။ ဒါကြောင့် တိုက်ပွဲမဟုတ်ဘဲ ချစ်ကြည်ရင်းနှီးရမယ် ၊ သူငယ်ချင်းအဖြစ် မိတ်ဆွေဖွဲ့ရမယ်” ၊

( ဂ ) “ချင်းတော်လှန်ရေးတပ်ဖွဲ့တွေအချင်းချင်း စည်းလုံးညီညွတ်မှုအားကောင်းလာဖို့ လုပ်ရမယ်။ ဘာသာရေးအသင်းအဖွဲ့နဲ့ အရပ်ဖက်အဖွဲ့အစည်းတွေကြားမှာလည်း ပူးပေါင်းဆောင်ရွက်အား ကောင်းအောင်လုပ်ရမယ်” ၊

(ဃ) “မျိုးနွယ်စုတူတွေဖြစ်ကြပြီးတော့ အတူတကွပူးပေါင်းဆောင်ရွက်နိုင်ခြင်းမရှိကြဘူး၊ တခါတ လေမှာတောင် ညီအကိုအချင်းချင်း သွေးထွက်သံယိုမှု ဖြစ်တဲ့အထိ တိုက်ခိုက်ကြတယ် တကယ် ကိုဝမ်းနည်းစရာကောင်းသလို ရှက်ဖို့လည်းကောင်းပါတယ်၊ နောက်နောင်မှာ ဒီလိုထပ်မဖြစ်ဖို့ ဆင်ခြင်ကြရအောင်ပါ” ၊

( င ) “ချင်း-မီဇိုး-ကူကီမျိုးနွယ်များသည် ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းအစဉ်အလာ၊ ဘာသာ စကား၊ ပွဲတော်၊ သီချင်း၊ ပုံပြင် စသည့်များကြည့်ခြင်းအားဖြင့် ဆင်းသက်လာရာတူညီသော တအူတုံဆင်း ညီရင်းအကိုများဖြစ်ကြပြီး ပိုင်းခြား၍မရသော လူမျိုးများဖြစ်ကြောင်းနှင့် အိန္ဒိယ-မြန်မာ-ဘင်္ဂလာဒေရှ့် သုံးနိုင်ငံတို့တွင် တကွဲတပြားစီ နေထိုင်ကြရတဲ့ မိမိလူမျိုးများ တနေ့နေ့ တချိန်ချိန်တွင် အုပ်ချုပ်မှုတစ်ခုအောက်တွင် ပြန်လည်နေထိုင်မည်ဟုမျှော်လင်းကြောင်း” ပြောကြား ခဲ့သည်။

သုံးသပ်ချက် –

– အိမ်နီးနားခြင်း ချစ်ကြည်ရင်းနှီးသင့်ကြောင်း၊ မဟာမိတ်ဖွဲ့သင့်ကြောင်း၊ တော်လှန်ရေးအဖွဲ့ အစည်းများအကြား စည်းစည်းလုံးလုံးရှိမှသာ အာဏာရှင်ကျရှုံးပြီး တော်လှန်ရေးအောင်မြင်မည် ဖြစ်ကြောင်း ပြောကြားချက်များဟာ အမြော်အမြင်နဲ့ပြည့်စုံပြီး အင်မတန်ကောင်းမွန်တဲ့ပြော ကြားချက်ဖြစ်ပါတယ်၊

– ချင်းလူမျိုးများ မစည်းလုံးမှုကို ဆုံးမပြီး နောက်နောင် ထပ်မဖြစ်ကြရန် သွင်သင်မှုလည်း လိုအပ် ထိရောက်သော ပြောကြားချက်ဖြစ်တယ်၊

– အင်အားပိုကောင်းသဖြင့်၊ အင်အားများသဖြင့် တိုက်ခိုက်ဖို့ထက် မိတ်ဆွေဖွဲ့သင့်ကြောင်း ပြော ကြားချက်တွင် ဝန်ကြီးချုပ်အနေဖြင့် သီးခြားရည်ရွယ်ချက် ရှိကောင်းရှိနိုင်မည် ဖြစ်သော်လည်း စာရေးသူအနေဖြင့် ဘဝင်မတွေ့ လက်မခံနိုင်ပါ။ လက်ရှိတော်လှန်ရေးမတိုင်ခင်ထိ မြန်မာနိုင်ငံရှိ လက်နက်ကိုင်များတွင် ယခင်မြန်မာ့တပ်မတော်သည် စစ်လက်နက်အင်အား အကြီးဆုံးဖြစ်ပြီး ကြည်း၊ရေ၊လေ ၅၀၀,၀၀၀ သိန်းဟု ဖော်ပြခဲ့သည်။ ကျန်တဲ့အင်အားကြီး EROs တွေက ကရင် အဖွဲ့အားလုံးပေါင်း ၄၀၀၀၀ ဝန်းကျင်၊ ကချင် ၂၀၀၀၀ ကျော်၊ UWSA ၂၅၀၀၀၊ ရခိုင် ၂၀၀၀၀ ဝန်းကျင် (လက်ရှိ ပိုမိုများပြား) စသဖြင့် သိရှိရပါတယ်။ ဆိုတော့ တိုင်းရင်းသားအချင်းချင်းကြား မတိုက်ခိုက်နိုင်ရလောက်အောင် အင်အားအရာတွင် အဟကြီးမဟုတ်ပါ။ အင်အားကြီးမှုတစ်ခု သာကြည့်ပြီး ဓမ္မနဲ့အဓမ္မကို မကြည့်တော့ပါက စကစနှင့်မဟာမိတ်ဖွဲ့ဖို့သာရှိပါမည်။ စည်းလုံး ညီညွတ်ပြီး ကျစ်လစ်စွာစုဖွဲ့ကာ နောက်ခံမှ သက်ဆိုင်ရာ လူမျိုးများ/ပြည်သူများက ရပ်တည် ပေးထားသည့် အဖွဲ့များသည်သာ လုပ်ငန်းများ ပိုမိုအောင်မြင်စွာ တွန်းတွန်းတိုက်တိုက် ဆောင်ရွက်နိုင်မည်သာဖြစ်သည်။

– နောက်ဆုံးအချက်ဖြစ်သည့် သုံးနိုင်ငံတွင် ပြန့်ကြဲနေသည့် ချင်းလူမျိုးများ တစ်နေ့တစ်ချိန်ချိန် အုပ်ချုပ်မှုတစ်ခုအောက်တွင် ပြန်လည်စုစည်းမည့် ပြောကြားချက်မှာ ချင်းလူမျိုးများအတွက် အထူးသတိပြုရအလေးထားဆောင်ရွက်သင့်သည့် အင်မတန်အရေးကြီးသော အချက်ဖြစ်သည်။

၂။ CNA/F ၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီ၏ တုန့်ပြန်မှု

မီဇိုရမ်းဝန်ကြီးချုပ် Pu Lalduhoma ၏ မိန့်ခွန်းပြောကြားချက်အပေါ် CNA/F ၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီ၏ တုန့်ပြန်မှု –

(က) ချင်းပြည်တောင်ပိုင်းတွင် ဖြစ်ပွားနေသည့် ပဋိပက္ခများကို အာရက္ခတပ်တော် (ULA/AA) နှင့် စားပွဲဝိုင်းတွင် တွေ့ဆုံဖြေရှင်းမှုမျိုးကို ချင်းတော်လှန်ရေးအင်အားစုများက လိုလာခဲ့သောကြောင့် ပွတ်တိုက်မှုဖြစ်မလာစေရန် AA နှင့် သုံးကြိမ်ဆွေးနွေးမှု ရှိခဲ့သည်ဟုဆို၊

( ခ ) “အခုလိုပွတ်တိုက်မှုတွေ ဖြစ်မလာဖို့ AA နဲ့ သုံးကြိမ်ဆွေးနွေးခဲ့တယ်။ စကစ (စစ်ကောင်စီ) အာဏာစသိမ်းချိန်မှာ AA က စကစနဲ့ ပြေလည်ထားတယ်။ အခု AA စကစ ကို ပြန်တိုက်ချိန်မှာ ဆွေးနွေးဖို့ ပြန်ပြောထားပါတယ်။ စားပွဲဝိုင်းမှာ ဖြေရှင်းဒါမျိုးကို ကျနော်တို့က လိုလားဒါပါ။ ပြည်သူရဲ့ နစ်နာဆုံးရှုံးမှုကို အလေးထားသင့်တယ်” ၊

( ဂ ) “ULA/AA အနေဖြင့် ချင်းပြည်တွင် စစ်ရေးလှုပ်ရှားလျှင် ကြိုတင်ညှိနှိုင်းရန်၊ အပြန်အလှန် ကူညီကြရန် ဆွေးနွေးမှုများရှိခဲ့သော်လည်း ဖြစ်မလာခဲ့ကြောင်း၊ ပွတ်တိုက်မှုကို ချင်းအင်အားစု ဘက်မှလည်း မလိုလားကြောင်း၊

(ဃ) “ပူးလာလ်ဒအောမ် အနေနဲ့ AA နဲ့ ကျနော်တို့နဲ့ ပွတ်တိုက်မှုဖြစ်ရတဲ့ ပြဿနာအရင်းခံကို မသိ လို့ပါ။ သူ့အနေနဲ့ အဲလိုပြောတာလဲ မမှားပါဘူး။ AA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တွေ အကြား လူမျိုးရေးအရဖြစ်စေ၊ အဖွဲ့အစည်းအနေနဲ့ဖြစ်စေ၊ အပြန်အလှန်လေးစားအသိမှတ်ပြုရေး၊ CNA ကနေ AA ကို သုံးကြိမ်တွေ့ဆုံမှုမှာ AA က မလိုက်လျောပေးနိုင်မှုတွေကို မသိလို့ပါ။ CNF ဟာ ယုံကြည်ချက်တူညီတဲ့ ဘယ်အဖွဲ့အစည်းမဆိုလေးစားတယ်၊ မဟာမိတ်အနေနဲ့ ဆက်ဆံချင်တယ်။ သို့သော် စစ်ရေးနိုင်ငံရေးအရ အပြန်အလှန် နားလည်လေးစား အသိအမှတ်ပြုမှုမဲ့တဲ့ ဆက်ဆံမှု ကိုတော့ လက်မခံနိုင်ဘူး” ၊

သုံးသပ်ချက် –

– CNA/F အနေနဲ့ စတင်တည်ထောင်လာကတည်းက ပွင့်လင်းမြင်သာမှု၊ ပြည်သူတွေနဲ့အတူ ချပြ ဆွေးနွေးမှု အားနည်းချက်များကြောင့် ယနေ့အချိန် ဆိုးကျိုးကြီးကြီးမားမား ရင်ဆိုင်နေရသလိုပဲ လက်ရှိ ချင်းပြည်နယ်နမိတ်ဆိုင်ရာ အရေးကြီးကိစ္စကိုလည်း ချပြဆွေးနွေးဒါတွေ မတွေ့ရပါဘူး၊

– ဆလိုင်းထက်နီ ပြောကြားချက်အရ ချင်းပြည်တောင်ပိုင်း ပလက်ဝအရေးနဲ့ ပတ်သက်ပြီး အာရက္ခတပ်တော် (AA) နဲ့ စားပွဲဝိုင်းထိုင်ဖြေရှင်းဖို့ သုံးကြိမ်ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။ ဘယ်တုန်းကဆွေးနွေးခဲ့သလဲ? လက်ရှိတော်လှန်ရေးမတိုင်ခင်လား? တော်လှန်ရေး စပြီးတော့ လား? ဘယ်အချက်တွေ သဘောတူခဲ့ပြီး ဘယ်အချက်အတွေ သဘောမတူခဲ့ကြသလဲ? စတဲ့ အရေးကြီးအချက်တွေကို ချင်းပြည်သူတွေ (ဝါ) ကိုယ်စားပြုအဖွဲ့အစည်းတွေ ဘာတစ်ခုမှ မသိခဲ့ရ ပါဘူး။ NCA ထိုးတုန်းကလည်း ချင်းပြည်သူတွေကို လုံလောက်တဲ့ ချပြဆွေးနွေး သဘောထား တောင်းခံမှု မရှိခဲ့ပါဘူး၊

– ဆလိုင်းထက်နီက “စကစ (စစ်ကောင်စီ) အာဏာစသိမ်းချိန်မှာ AA က စကစနဲ့ ပြေလည်ထား တယ်။” ဆိုဒါတော့ မှန်ပါတယ်။ “လက်ရှိတော်လှန်ရေးအစမှာ ရခိုင်ပြည်တွင် ဆန္ဒထုတ်ဖော်မှု မရှိသလောက် နည်းပါးခဲ့ပြီး သင်္ကြန်ကာလတွင် ပုံမှန်အတိုင်း ကျင်းပပြုလုပ်ခဲ့ကြဒါတွေ့ရ ပါတယ်။ CDM ပြုလုပ်မှုအတိုင်းအတာ အနေဖြင့် ရခိုင်ပြည်တွင် မရှိသလောက်ပင်ဖြစ်သည်။ ရက္ခိုင်တပ်တော် (အာရက္ခတပ်တော်) မှလည်း CDM ပြုလုပ်မှုအား တားမြစ်သည်ဟု သိရှိရ သည်။ ချင်းပြည်တွင် မြို့နယ်တိုင်းတွင်သာမက ကျေးရွာများအထိ ဆန္ဒထုတ်ဖော်မှုများ ပြုလုပ် ခဲ့ကြပြီး CDM ပြုလုပ်မှုတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရာခိုင်နှုန်းအချိုးအစားအရ အမြင့် ဆုံးဖြစ်သည်။ လက်နက်ကိုင်တော်လှန်ရေးတွင် နွေဉီးတော်လှန်ရေးအစပိုင်းတွင် ရက္ခိုင့် တပ်တော် (အာရက္ခတပ်တော်) အနေဖြင့် မင်းအောင်လှိုင်စစ်တပ်နှင့် သဘောတူညီချက်အချို့ ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရသည်။ တစ်ဘက်တွင် ချင်းလူမျိုးများမှ မင်းအောင်လှိုင်စစ်တပ် အား ပထမဉီးဆုံး လက်နက်ကိုင်တွန်းလှန် တော်လှန်ခဲ့ကြသည်ကို တွေ့ရှိရသည်။ တော်လှန်ရေး ဇာတ်ရှိန်အမြင့်ရောက်ရှိချိန် မင်းအောင်လှိုင်စစ်တပ်အထိနာချိန်တွင် ရက္ခိုင့်တပ်တော် (အာရက္ခ တပ်တော်) အပါအဝင် မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့မှ ၁၀၂၇ စစ်ဆင်ရေးဖြင့် တိုက်ပွဲများ ဖော်ဆောင်လာခဲ့ရာ တိုက်ပွဲအထိနာနေသည့် မင်းအောင်လှိုင်စစ်တပ်သည် အထိအခိုက်များစွာ အကျအရှုံးများစွာဖြင့် ရင်ဆိုင်ခဲ့ရသည်။” ဒီအချက်ကို ယခင်ပိုလ့်တုန်းကဖော်ပြခဲ့ပြီးဖြစ်ပါတယ်။

– ဆလိုင်းထက်နီက “ပူးလာလ်ဒအောမ် အနေနဲ့ AA နဲ့ ကျနော်တို့နဲ့ ပွတ်တိုက်မှုဖြစ်ရတဲ့ ပြဿနာ အရင်းခံကို မသိလို့ပါ။” ဟုပြောတဲ့အပေါ် စာရေးသူအနေဖြင့် များစွာအံဩရပါတယ်။ ဒီလောက် အရေးကြီးတဲ့ကိစ္စကို ကိုင်တွယ်နေတဲ့ CNA/F အဖွဲ့တာဝန်ရှိသူများအနေဖြင့် ကိုယ့်လူမျိုးဖြစ်တဲ့ ဝန်ကြီးချုပ်ပူးလာလ်ဒအောမ်နဲ့ ဘာကြောင့်သေသေချာချာ တိုင်ပင်ဆွေးနွေးထားမှုမရှိရဒါလဲ? ဒါဟာအရေးကြီးပါတယ်။ CNA/F အနေနဲ့ပွင့်လင်းမြင်သာမှုမရှိဒါ၊ သက်ဆိုင်အဖွဲ့အစည်းတွေ ပြည်သူတွေကို ချပြဆွေးနွေးတိုင်ပင်မှုမရှိခြင်းရဲ့ ဆိုးကျိုးတွေပါပဲ၊

– ဆလိုင်းထက်နီက “CNF ဟာ ယုံကြည်ချက်တူညီတဲ့ ဘယ်အဖွဲ့အစည်းမဆိုလေးစားတယ်၊ မဟာမိတ်အနေနဲ့ ဆက်ဆံချင်တယ်။ သို့သော် စစ်ရေးနိုင်ငံရေးအရ အပြန်အလှန် နားလည် လေးစားအသိအမှတ်ပြုမှုမဲ့တဲ့ ဆက်ဆံမှုကိုတော့ လက်မခံနိုင်ဘူး” လို့ဆိုပါတယ်။ အဆိုပါပြော ကြားချက်နှင့်စပ်လျဉ်းပြီး အချက် (၂) ချက်တွေ့ရပါတယ်။ (၁) အချက်အနေနဲ့ AA အနေနဲ့ CNF ကို အသိမှတ်ပြုမှု ၊ အပြန်အလှန် နားလည်လေးစားမှု မရှိလို့ ကြားသိရသလို CNF အနေနဲ့ CDF တွေအပေါ် အသိအမှတ်ပြုမှု မရှိဘူးလို့ ကြားသိရပါတယ်။ (၂) အချက် CNA/F အနေနဲ့ ချင်းနိုင်ငံရေးရဲ့အခြေအနေဟာ ဒီလောက် ကျဉ်းထဲကြပ်ထဲ ရောက်နေဒါကိုတောင် ကိုယ်လူမျိုး အချင်းချင်းကြား အရမ်းလိုအပ်နေတဲ့ စည်းလုံးညီညွတ်မှုကို သေချာမတည်ဆောက်ပဲ မိမိအဖွဲ့ အစည်း တစ်ခုထဲကပဲ အာဏာပါဝါရချင်ဇော/ ချုပ်ကိုင်လိုဇောနဲ့ အစိုးရထောင်လိုက်ဒါကို ပိုပြီး အံ့ဩဆွံအမိပါတယ်။ ပြီးတော့ ဒီလိုအိမ် နီးချင်းအနေနဲ့ လေးစားမှုမရှိဘူး၊ အပြန်အလှန် အသိမှတ်ပြုဒါမရှိဘူး ဆိုဒါကိုလည်း ချင်းပြည်သူတွေကို မချပြခဲ့ဒါလည်း CNF ရဲ့ ကြီးမားတဲ့ အမှားအယွင်းတစ်ခုပါပဲ၊

– လက်ရှိအရေးကြီးဆုံးတစ်ခုကတော့ CC အစိုးရရဲ့ လက်နက်ကိုင် CNF ဟာ ပထမဆုံးပြုလုပ် ရမယ့် ချင်းပြည်အတွင်း စကစကင်းစင်ဖို့ ကျိုးပမ်းဆောင်ရွက်ဒါထက် မိမိအာဏာတည်ရေး အတွက် ချင်းလူမျိုးအကြား ရခိုင်အရေးကိစ္စကို ဘန်းပြပြီး ပြည်သူ့တွေစီကနေ မသိလွဲမှားတဲ့ ထောက်ခံမှုနဲ့ ချင်းပြည်စကစကင်းဖို့အရေးကနေ အာရုံလွဲအောင် လုပ်ဆောင်နေဒါဟာလည်း ကြီးမားတဲ့ အမှားယွင်းတစ်ခုဖြစ်ပါတယ်။

၃။ Interview တွင် General Twan Mrat Naing ဖြေကြားချက်

ချင်းပြည်၊ ပလက်ဝမြို့အရေးနဲ့စပ်လျဉ်းပြီး ၆-၉-၂၀၂၄ ရက်နေ့ The Diplomat သတင်းဌာန၏ senior journalist Mr. Rajeev Bhattacharyya နှင့် General Twan Mrat Naing interview တွင် အောက်ပါ အတိုင်း ဖြေကြားခဲ့သည် –

(က) Paletwa is a lost territory for the people of Arakan. This region had been under the rule of the Arakanese polity for thousands of years. Since the fall of the Arakan Kingdom in 1784 CE, we have been colonized and oppressed by outside powers, and our destiny has been determined by those colonizers. Consequently, we lost some core parts of our land, not just peripheries.

( ခ ) Under both Burmese dynastic and British colonial rules, this region was a part of Arakan. However, after Myanmar gained independence, the U Nu government unilaterally severed this territory for their own political motives and gains, without the consent of the Arakanese. Despite being nominally separated from Arakan, the administration of the area historically derives from Arakan, and the junta’s “ Western Regional Command” controlled the region.

( ဂ ) The people and region of paletwa are historically, geographically, culturally, and socioeconomically our military presence, our primary concrn has been to protect the local population, even during armed clashes. Now that we have liberated the area, the key goal of our administration is to provide essential public services to the local population. Additionally, we aim for the local residents to participate more in the current administration and develop their own areas independently.

(ဃ) Currently, we need to stabilize and secure the Paletwa region so that important infrastructure projects like the Kaladan Project can be implemented and regulated in a timely and safe manner. The development from this economic investment will benefit not only the local population but also India, Arakan, and other stakeholders in the region.

( င ) At the same time, we do not want the Paletwa issue to escalate into confrontation and conflicts between the Arakanese and certain actors from neighboring Chin state. As we are now building better relations and fostering a spirit of brotherhood with our Chin brothers through the “Chin Brotherhood,” we are confident that we can resolve the issue peacefully and amicably.

သုံးသပ်ချက် –

– စာရေးသူအနေဖြင့် နယ်မြေပိုင်ဆိုင်မှုများအား တော်လှန်ရေးကာလတွင် မပြုလုပ်သင့်ကြောင်း၊ စကစလုံးဝကင်းစင်ပြီး အသွင်ကူးပြောင်းကာလတွင်သာ အကျေအလည်ဆွေးနွေးဆောင်ရွက် သင့်ကြောင်း အကြိမ်ကြိမ်ရေးသားဖော်ပြခဲ့ပြီးဖြစ်ပါတယ်၊

– “၂၀၀၉ ခုနှစ် ဧပြီ ၁၀ ရက်တွင် ရက္ခိုင့်တပ်တော် (AA) ကို ဗိုလ်ချုပ်ထွန်းမြတ်နိုင် ဉီးဆောင်သည့် ရခိုင်ရဲဘော် ၂၆ ဉီးက သစ္စာဆိုပြီး တည်ထောက်ခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် ကချင်ပြည်၊ လိုင်ဇာမြို့မှ ချင်းပြည်၊ ပလက်ဝမြို့သို့ ဆင်းလာပြီး အိန္ဒိယ-မြန်မာနယ်စပ်တလျှောက် ပလက်ဝ ဒေသကို အခြေပြု လှုပ်ရှားလာပါတယ်၊

– ချင်းပြည်၊ ပလက်ဝမြို့နဲ့ပတ်သက်ပြီး ၃-၇-၂၀၂၀ ရက်နေ့တွင် CCN Channel မှ Salai Za Thawng Lian နှင့် ဗိုလ်ချုပ်ထွန်းမြတ်နိုင် တို့အင်တာဗျူးတွင် Salai Za Thawng Lian မှ ချင်းပြည်၊ ပလက်ဝမြို့ဆိုင်ရာ မေးမြန်းချက်အား ဗိုလ်ချုပ်ပြန်လည်ဖြေကြားချက်မှာ “ကျတော် တို့ ပလက်ဝကိုစရောက်ကတည်းက ဒီမေးခွန်းကို တော်တော်များများကြုံတွေ့ရ၊ ကျတော်တို့ မိတ်ဆွေ CNF ကလည်း ပလက်ဝဟာ ချင်းပြည်ဆိုပြီးတော့ အခိုင်အမာပြောပါတယ်။ ကျတော် တို့ကလည်း ပလက်ဝကို ဝင်လာကတည်းက သိမ်းပိုက်မယ်၊ လုယူမယ်ဆိုတဲ့ သဘောထား တစ်ခါမှလည်းမရှိခဲဘူး၊ အောက်ခြေတွေကြားမှာပေါ့လေ တစ်ချို့ကျတော်တို့ရခိုင် တွေကြားမှာ ခံစားချက်တစ်ချို့ရှိခဲ့ ဒါတွေတော့ရှိဒါပေါ့၊ အရင်ခေတ်တုန်းက ရခိုင်တောင်တန်း ဒေသလို့ ခေါ်ခဲ့ဖူးတဲ့ အခေါ်အဝေါ်ပိုင်းမှာ အပြောအဆိုလေးတွေ နည်းနည်းပါးပါးရှိကောင်း ရှိမယ်၊ ဒါပေမယ့် ကျတော်တို့ ULA အနေနဲ့ ပလက်ဝဒေသကို သိမ်းယူမယ်တို့၊ ပလက်ဝ ဒေသဟာ ရခိုင်မြေဖြစ်ပါတယ်လို့ ပြောဆိုဒါ တစ်ခါမှမရှိပါဘူး။ ကျတော်တို့ အတွေးအခေါ်ကတော့ ပလက်ဝဖြစ်ဖြစ်၊ ရခိုင်ပြည်ဖြစ်ဖြစ်၊ ချင်းပြည်ဖြစ်ဖြစ် အမည်နာမအားဖြင့် ချင်းပြည်၊ ရခိုင်ပြည်လို့ ခေါ်ပေမယ့် ချင်းပြည်ကို ချင်းတွေမပိုင်ဘူး၊ ရခိုင်ပြည်ကိုလည်း ရခိုင်တွေမပိုင်ဘူး၊ ကျတော်တို့ရဲ့ ဖွံ့ဖြိုးရေးတွေ သယံဇတ တွေကိုရော ဘာမှဆုံးဖြတ်ပိုင်ခွင့်မရှိဘူး၊ ဒါကြောင့် အမည်ခံရုံသက်သက်ပိုင်ဆိုင်မှုကြောင့် ကျတော်တို့အချင်းချင်းကြားမှာ စိတ်ဝမ်းကွဲဒါတို့ ပြဿနာတက်ဒါတို့ မဖြစ်သင့်ဘူး၊ ကျတော်အကြံပေးချင်ဒါကတော့ ချင်းလူမျိုးတွေနေထိုင်တဲ့ ပလက်ဝဒေသဟာ ချင်းတွေအနေနဲ့ စစ်မှန်သော ပိုင်ဆိုင်ခြင်းဖြင့် ပိုင်ဆိုင်သင့်တယ်၊ ပိုင်ဆိုင် အောင် ကျိုးစားသင့်တယ်” လို့ ဖြေကြားခဲ့ပါတယ်၊

– ၄-၃-၂၀၂၄ ရက်နေ့ ရက္ခိုင်တပ်တော်၏ အဋ္ဌမအကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် ပြော ရေးဆိုခွင့်ရှိသူမှ ခိုင်သုခက “ပလက်ဝဒေသကို ဘယ်သူပိုင်သလဲဆိုရင် ပလက်ဝမှာ နေထိုင်သူ တွေပိုင်တယ်၊ ဒေသခံတွေပိုင်ပါတယ်၊ ဒါကတော့ ကျနော်တို့ဖက်က ရှင်းရှင်းလင်းလင်းနဲ့ ပြောချင်တဲ့ အမြင်ပဲဖြစ်တယ်” ဟုပြောဆိုခဲ့ပါတယ်၊

– ၆-၉-၂၀၂၄ ရက်နေ့ The Diplomat သတင်းဌာန၏ senior journalist Mr. Rajeev Bhattacharyya နှင့် General Twan Mrat Naing interview တွင် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ပြောကြားချက်တွင် ပလက်ဝဒေသသည် ရခိုင်တို့၏ ဆုံးရှုံးခဲ့သော နယ်မြေဒေသဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားများ၏ သမိုင်းအထောက်အထားများဖြင့် ဖြေကြားထားပါတယ်၊

– သမိုင်းဆိုင်ရာအထောက်အထားများဟာ မှန်ကန်မှု ရှိ/မရှိအတွက် အတည်ပြုဖို့ရန် အကြောင်း အချက်များလိုအပ်ပြီး များစွာကျယ်ပြန့်ပါတယ်။ ရခိုင်များအနေဖြင့်လည်း ၄င်းတို့မှတ်တမ်းများ ရှိသလို ချင်းများအနေဖြင့်လည်း မှတ်တမ်းများ ရှိမည်ဖြစ်သည်။ ထိုပြင် ကိုလိုနီပြုခဲ့သူများနှင့် အိမ်နီးလူမျိုးနှင့် တိုင်းပြည်တို့တွင်လည်း အထောက်အထား ကွင်းဆက်များ စွာရှိမည်ဖြစ်သည်၊ ထို့အတွက်ကြောင်း နယ်မြေပိုင်ဆိုင်မှုများသည် အချိန်ယူကာ ဆောင်ရွက်ရမည့်အချက်များစွာ ရှိသဖြင့် တော်လှန်ရေးကာလတွင် ဆောင်ရွက်ခြင်းမပြုပဲ အသွင်ကူးပြောင်းရေးကာလတွင် ဆောင်ရွက်သင့်ကြောင်း ပြောဆိုဆွေးနွေးခြင်းဖြစ်သည်၊ (ပုဂံရာဇဝင်ကို တုတ်ထမ်းပြောရ ဆိုသလိုပဲ ရာဇဝင်သမိုင်းကြောင်းများဟာ ကွဲပြားမှုများစွာရှိနေကြပါတယ်)

– အပေါ်က သုံးသပ်ချက်များတွင် ULA/AA သည် ရက္ခိုင့်တပ်တော်မှ အာရက္ခတပ်တော်အဖြစ် အမည်ပြောင်းလဲလာသကဲ့သို့ ပြောဆိုချက်များနှင့် သဘောထားပုံရိပ်များလည်းပြောလဲ လာသည်ကိုတွေ့ရသည်၊ အထူးသဖြင့် ချင်းပြည်၊ ပလက်ဝမြို့အရေးနှင့်ပတ်သက်ပြီး အင်တာဗျူးတွင် ပြောဆိုချက်သည် ချင်းပြည်၊ ပလက်ဝမြို့သည် ရှေးရခိုင်တို့ပိုင်ဖြစ်ကြောင်း အတိအလင်းပြောဆိုထားသည်။

– ယခုလို တော်လှန်ရေးကာလ စကစအား ဝိုင်းဝန်းတွန်းလှန်ချိန်တွင် တော်လှန်ရေးအဖွဲ့ အချင်း ချင်းကြား ပြဿနာမဖြစ်စေရေး အထူးရှောင်ရှားသင့်သည့် အချိန်ကာလတစ်ခုဖြစ်သော်လည်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်အနေဖြင့် ချင်းပြည်၊ ပလက်ဝမြို့အား ရှေးရခိုင်နယ်မြေအဖြစ်ပြောကြားမှု သည် စာရေးသူအတွက်မေးခွန်းပေါင်းများစွာ ဖြစ်ပေါ်လာပါသည်။ ULA/AA အနေဖြင့် ချင်းပြည် တွင် အဖွဲ့ (၂) ခုအဖြစ် စည်းလုံးမှုပျက်ပြားပြီး အင်အားနည်းနေချိန်အား အခွင့်အရေး တစ်ခု အဖြစ် အသုံးချ၍ အချိန်ကိုက်ပြောဆိုခြင်းလား? သို့မဟုတ် Chinland Council (CC) အဖွဲ့တို့မှ AA အပေါ် ပုတ်ခတ်ပြောဆိုနေမှုများကြောင့် တန်ပြန်အနေဖြင့် ဒဲ့စိန်ခေါ်မှုများလား? သို့တည်း မဟုတ် ချင်းတိုင်းရင်းသားများ၏ တုန့်ပြန်မှုကို အကဲစမ်းခြင်းလား? ဒါမှမဟုတ် ယခင်ကတည်း က အကွက်ကျကျသိမ်းပိုက်ရန် အကြံအစည်ရှိပြီးသားလား? …

– နောက်ဆုံးအချက်တွင် ချင်းပြည်၊ ပလက်ဝမြို့အရေးကြောင့် ချင်းနဲ့ရခိုင်ပြသာနာဖြစ်ပွားမှာကို မလိုလားဘူးလို့ ဆိုထားပါတယ်။ ရခိုင်နဲ့ချင်းကြား အရေးကိစ္စများအတွက် Chin Brotherhood နဲ့ချိတ်ဆက်ဆောင်ရွက်သွားမယ်လို့လည်း ဖော်ပြထားပါတယ်။ ဧရာဝတီသတင်းဌာနနှင့် အင်တာဗျူးတွင်လည်း “ချင်းတောင်မှာ ကျနော်တို့ တစ်ချို့အငြင်းပွားစရာ ပဋိပက္ခတွေတော့ ရှိတာပေါ့။ ဒါပေမယ့်လည်း ဒီဟာတွေကို သေချာရှင်းပြပြီးမှ ဖြေရှင်းသွားဖို့လည်း စဉ်းစား ပါတယ်” ဟုလည်းဖြေကြားထားပါတယ်။ စားပွဲဝိုင်းတွင်ပြေပြေလည်လည် ပြောဆိုမှုသည် ကောင်းသောအလေ့အထဖြစ်သည်။ ပြဿနာဖြစ်ရန်မလိုလားသည့်အတွက် ဆိုးဆိုးဝါးဝါးတော့ မဟုတ် သေးဟုမြင်မိပါတယ်။ ထောက်စရာတစ်ချက်ဖြစ်သည်မှာ ULA/AA အနေဖြင့် ချင်းပြည် အရေး ကိစ္စများအား Chin brotherhood ဖြင့်သာ ဆောင်ရွက်သွားမည်ဟုဆိုခြင်းမှာ ချင်းလူမျိုးများအကြား ကွဲပြားမှုအသစ်ကို ဖန်တီးပေးသကဲ့သို့ဖြစ်သွားနိုင်အပါတယ်။ Chin Brotherhood သည် ICNCC ၏ ကာကွယ်ရေးပိုင်းတာဝန်ယူထားသည့် ကာကွယ်ရေးအစုအဖွဲ့ တစ်ခုဖြစ်သည်။ ချင်းပြည်အရေးကိစ္စအား လက်နက်ကိုင်တစ်ဖွဲ့တည်းဖြင့် ဆွေးနွေးဆုံးဖြတ်လို့ မရပါ။ ထို့ပြင်မက ပလက်ဝအရေးကိစ္စသည် ICNCC သာမက CC အပါအဝင် ချင်းတစ်မျိုးသား လုံးနှင့် သက်ဆိုင်သောကိစ္စဖြစ်သည်။ ထို့ကြောင့် ပလက်ဝမြို့ကို ဘယ်သူတွေပိုင်ပါသလဲဆိုရင် ပလက်ဝမြို့တွင် နေထိုင်သူများတစ်ခုတည်းနှင့် ဆုံးဖြတ်ရန်မလုံလောက်ပါ၊ ချင်းပြည်တစ်ခုလုံး ရှိ တော်လှန်ရေးအဖွဲ့အစည်းများ၊ ပြည်သူများနှင့်သက်ဆိုင်ပါတယ်၊

– နောင်တစ်ချိန် သမိုင်းဆိုင်ရာအထောက်အထားများနှင့် လူဉီးရေဆိုင်ရာ ကိုယ်စားပြုမှုများအပေါ် ဆုံးဖြတ်ချက်တစ်စုံတစ်ရာ ဆောင်ရွက်ရမည်ဆိုပါက အာရက္ခတပ်တော် (AA) က ပလက်ဝမြို့ ထိန်းချုပ်ပြီးနောက်ပိုင်းတွေ့ရှိသည့် မည်သည့်သမိုင်းအထောက်အထားမဆို၊ နောက်ပိုင်း ဝင်ရောက်လာသည့် မည်သည့်လူမျိုးမဆို နယ်မြေပိုင်ဆိုင်မှုနှင့်စပ်လျဉ်းပြီး အကျုံးဝင်စဉ်းစား လက်ခံရန် သင့်/မသင့်နှင့် ထည့်သွင်းလက်ခံခြင်း ပြုသင့်/မပြုသင့် ကိုလေးလေးနက်နက်သုံးသပ် ရမည့် အချက်ဖြစ်ပါတယ်၊

– ဘာသာရေးဆိုင်ရာ အဆောက်အဉီများသည် နယ်မြေပိုင်ဆိုင်မှုနှင့် တိုက်ရိုက်သက်ဆိုင်မှု မရှိပဲ တစ်စုံတစ်ရာ ဆုတောင်းလိုမှု၊ အောင်မြင်မှု၊ ကျရှုံးမှု၊ ရောက်ရှိခဲ့မှု စသည် အထိန်းအမှတ် တို့အတွက်သာ အဓိကဆောင်ရွက်ခဲ့ကြဒါကို တွေ့ရှိရပါတယ်၊

အနှစ်ချုပ် သုံးသပ်ချက်

– လက်ရှိ စစ်ကောင်စီမင်းအောင်လှိုင်တပ် စခန်းပေါင်းများစွာ၊ မြို့ပေါင်းများစွာ လက်လွတ်ပြီး ကြီးစွာထိခိုက် ဆုံးရှုံးလာခြင်းမှာ နိုင်ငံတဝှမ်းရှိပြည်သူများဆန္ဒပြခြင်း၊ ဝန်ထမ်းများ CDM ပြု လုပ်ခြင်း၊ ပြည်သူများလက်နက်ကိုင်တော်လှန်ခြင်း၊ နိုင်ငံတကာရှိပြည်သူများမှ အားပေး ထောက်ပံ့ခြင်း၊ EROs အဖွဲ့များပါဝင်ခြင်းနှင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးမှ ကျရာကဏ္ဍမှ ပါဝင်ခြင်းကြောင့် ဖြစ်ပါတယ်။ ဒါကို မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး နှစ်ပေါင်း ၇၀ ကျော်အတွင်း တော်လှန်ရေးလုပ်လာတဲ့ EROs တွေအသိဆုံးဖြစ်ပါတယ်။ ULA/AA အနေနဲ့ လည်း ၂၀၁၅ -၂၀၁၇ တိုက်ပွဲတစ်လျှောက် စကစနဲ့ စီးချင်းထိုးပွဲမှာ အခြေအနေကို သိရှိပြီးဖြစ်ပါတယ်။ ဒါတောင်မြောက်ပိုင်းမဟာမိတ်အဖွဲ့မှ ULA/AA စစ်ရေးဖိအားလျော့ရေးအတွက် ဟန်ချက်ညီညီ တိုက်ပွဲဖော်ဆောင်ပေးခဲ့ဒါ တွေ့ရပါတယ်။

ဆိုလိုဒါကတော့ လက်ရှိတော်လှန်ရေး ဒီခရီးအထိ ရောက်ရှိလာခြင်းဟာ တစ်နိုင်ငံလုံးရှိပြည်သူများရဲ့ သွေးတွေ၊ ချွေးတွေ၊ အားတွေပါဝင်နေတယ် ဆိုဒါရယ် တစ်စုတစ်ဖွဲ့ရဲ့စွမ်းဆောင်ရည်ကြောင့် လက်ရှိအခြေအနေရောက်ရှိလာခြင်းမဟုတ်ဘူး ဆိုဒါ အဓိကထောက်ပြလိုခြင်းဖြစ်ပါတယ်။

ဆန္ဒပြကြကတည်းက ပေတစ်ရာလမ်းပေါ်က သေဆုံးသွားသူတွေ၊ အညာဒေသစစ်ကိုင်းအပါအဝင် နိုင်ငံတစ်ဝှမ်းရှိ တိုင်းရင်းသားဒေသတွေက အသက်ပေးသွားတဲ့ သူရဲကောင်းတွေ၊ အပြစ်မဲ့ပြည်သူတွေရဲ့အသက်တွေ၊ ပျက်စီးသွားတဲ့ ကျေးရွာတွေ၊ မြို့တွေ စတဲ့အခြေအနေမှာ ကျတော်တို့ လူမျိုးတစ်ခု၊ အစုအဖွဲ့တစ်ခုထဲအတွက်ပဲ ကြည့်ကြမယ်ဆိုရင် နောင်အချိန်မှာ ဒီလိုညီညွတ်မှုတွေ၊ စည်းလုံးမှုအခြေအနေတွေ၊ ပေးဆပ်မှု တွေ ဘယ်တော့မှ ရှိလာမယ်မထင်တော့ပါဘူး။ ဒီထက်ဆိုးသွားနိုင်ဒါကတော့ မပြီးဆုံးနိုင်တော့ မယ့် လူမျိုးရေးစစ်ပွဲတွေဆီကို ဉီးတည်သွားနိုင်ပါတယ်။

– ဒုတိယက နယ်မြေပိုင်ဆိုင်မှုကိစ္စဖြစ်ပါတယ်။ ရှမ်းမြောက်မှာ KIA, TNLA, MNDAA တို့ကြား နယ်မြေကိစ္စတွေကြောင့် ပြောဆိုသံတွေကြားရပါတယ်။ အဓိက TNLA နဲ့ MNDAA တို့က တိုက်ပွဲ တိုက်နိုင်ပြီး ထိန်းချုပ်နယ်မြေကို မိမိနယ်မြေအတွင်း ထည့်သွင်းလိုတဲ့အတွက်ကြောင့် လို့ကြား သိရပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဗိုလ်ချုပ်ဂွမ်မော်က “….တိုက်နိုင်လို့ ကာကွယ်ထားတာကို နားလည်တယ်၊ ဒါပေမယ့် နယ်မြေကိုယူလိုက်တာမျိုး မလုပ်ရဘူး ပိုင်ရှင်ရှိတယ်ဆိုပြီး သွားပြော တဲ့ချိန် သူတို့နားမထောင်ချင်ဘူး အရင်က ဗြိတိသျှတွေ တစ်ကမ္ဘာလုံးကို တိုက်ခိုက်သိမ်းပိုက် ထားပေမယ့် တစ်ချိန်မှာ ပိုင်ရှင်တွေကို ပြန်ပေးအပ်ခဲ့ရတာဟုတ်တယ်” လို့ပြောထားပါတယ်။

– ချင်းတိုင်းရင်းသားများအနေဖြင့် အခြားတိုင်းရင်းသားများဖြင့် မဟာမိတ်ပြုလုပ်ခဲ့သည့်သမိုင်း တစ်လျှောက် အင်အားကြီးသောကြောင့်၊ တိုက်ခိုက်ရန်မဖြစ်နိုင်သောကြောင့် မဟာမိတ်ပြုခဲ့ခြင်း မဟုတ်ပါ။ ကိုလိုနီစနစ်ဖယ်ရှား ရန်အတွက်သော်လည်းကောင်း၊ လက်ရှိအာဏာရှင်စနစ်ချုပ် ငြိမ်းဖို့နဲ့ တန်းတူအခွင့်အရေးရဖို့အတွက် ရည်မှန်းချက်တူတဲ့ အဖွဲ့အားလုံးနဲ့ မဟာမိတ်ဖွဲ့ခြင်း ဖြစ်ပါတယ်။ ချင်းတိုင်းရင်းသားများနဲ့ ရခိုင်တိုင်းရင်းသားများဟာ နယ်မြေခြင်းထိစပ်နေသည့် အတွက် မဟာမိတ်တည်ဆောက်ရန် အထူးလိုအပ်ပါတယ်။ ထိုပြင် ယောနယ်ရှိ တိုင်းရင်းသား များနှင့်လည်းကောင်း ဗမာတိုင်းရင်းသားများနှင့်လည်း မဟာမိတ်အခိုင်အမာဖွဲ့ရမည်ဖြစ်သည်။ မြန်မာနိုင်ငံလွတ်လတ်ရေးရရှိရန် ကြိုးပမ်းမှုသမိုင်းတွင်လည်း ချင်းတိုင်းရင်းသားများအနေဖြင့် ရွှေဂျိုးဖြူမင်းသားတို့နှင့်အတူ ကိုလိုနီနယ်ချဲ့များအား တိုက်ထုတ်ခြင်း၊ ချင်း-ဗမာချစ်ကြည်ရေး အဖြစ် ထီးလင်းမြို့တွင် ချစ်ကြည်ရေးမှတ်တိုင်စိုက်ထူခြင်းစသည်တို့ဖြင့် ဗမာတိုင်းရင်းသားများ နှင့်လည်း မဟာမိတ်အခိုင်အမာတည်ဆောက်ခဲ့ကြပါတယ်။

– ပင်လုံစာချုပ်မှာ ပြည်ထောင်စုတည်ထောက်ဖို့အတွက် ချင်းလူမျိုးများ ပါဝင်လက်မှတ်ထိုး ရခြင်းရဲ့ အချက်တွေထဲက တစ်ခုကတော့ ဗိုလ်ချုပ်အောင်ဆန်းကို ပုဂ္ဂိုလ်ရေးအရ ယုံကြည်မှု ရှိလိုဖြစ်ပါတယ်။ ပြောရင် ပြောတဲ့အတိုင်းဆောင်ရွက်တဲ့အတွက် ယုံကြည်မှုရရှိဒါဖြစ်ပါတယ်။ သမာသမတ်ကျမှု၊ သမာဓိရှိမှု ၊ ရှေ့နောက်စကားညီမှုတို့သည် ယုံကြည်မှုအတွက် အရေးကြီး သောအချက်ဖြစ်သည်။ ယခုစကားပြောဆိုမှု မတည်ပါက နောက်ပြောဆိုမှုလည်း တည်မည် မဟုတ်ပါ။

– ချင်းလူမျိုးများအနေဖြင့် တော်လှန်ရေးနောက်တစ်ဆင့် တက်လှမ်းမှုအတွက် လေးလေးနက် နက်စဉ်းစားကြရန် အချိန်ရောက်နေပြီဖြစ်ပါတယ်။ ULA/AA ၏တော်လှန်ရေးလုပ်ဆောင်ချက် များတွင် ချင်းပြည်၊ ပလက်ဝမြို့အရေးမှလွဲလျင် အတုယူသင့်သည့် အချက်များစွာရှိပါတယ်။ တော်လှန်ရေးကို တော်လှန်ရေးနှင့်တူအောင်ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ရဲဘော် (၂၆) ဉီးဖြင့် စတင်ခဲ့သော ULA/AA သည် ယခုအခါ အင်အားသောင်းချီရောက်ရှိနေပြီးဖြစ်သည့်အပြင် အောင်မြင်မှုများကြောင့် လူငယ်အများအပြား ဝင်လာမဆဲတသဲသဲဖြစ်သည့်အပြင် ပြည်သူများ ၏ ထောက်ခံမှုပိုမိုရရှိလာသည်ကို တွေ့ရပါသည်။

 ထိုအခြေအနေတွင် မိမိတို့ချင်းလူမျိုးများ၏ တော်လှန်ရေးအခြေအနေကို တစ်ချက်ကြည့်ပါက ICNCC မှ CC ခွဲထွက်ပြီးနောက်ပိုင်း ချင်းပြည် နယ်တစ်ခုလုံး နှစ်ခြမ်းကွဲကာ အရှိန်ဟုန်ပြင်းပြင်းဖြင့် ချီတက်ခဲ့သည့် ချင်းတော်လှန်ရေး အရှိန်များစွာ ကျဆင်းခဲ့သည်ကို တွေ့ရှိရမှာဖြစ်ပါတယ်။ နှစ်ဖွဲ့အကြား အားပြိုင်မှုကြောင့် ကြားနေများ များပြားလာပြီး တော်လှန်ရေးကို စိတ်ကုန်ကာ အနားယူ ရှောင်ဖယ်သူများ တစ်နေ့တစ်ခြား များလာဒါတွေ့ရပါတယ်။ နှစ်ဖွဲ့ကွဲနေသည့်အတွက် လက်နက်ကိုင်လိုသည့် လူငယ်များလည်း စိတ်ဝင်စားမှုအားနည်းပြီး စိတ်ဓာတ်ကျကာ အခြားဒေသများသို့ ထွက်ခွါမှုများလည်း များစွာရှိနေပြီဖြစ်ပါတယ်။ ဒီလိုအတိုင်းတာဆက်သွားမယ်ဆိုရင် ချင်းတော်လှန်ရေးခရီး စိုးရိမ်မှတ်ရောက်နေပြီဖြစ်ပါတယ်။ ချင်းလူမျိုးကြား ကောက်ကျစ်စင်းလည်းမှုတွေ မရှိဖို့၊ အပြန်အလှန်လေးစားဖို့၊ အပြန်အလှန်အသိအမှတ်ပြုဖို့ အထူးလိုအပ်ပါတယ်။ အထူးသဖြင့် CC အဖွဲ့ဝင်များ အာဏာမက်မောမှုကို လျော့ချပြီး ချင်းလူမျိုးများ စည်းလုံးရေးကို နံပါတ်တစ်ဉီးစားပေးအနေနဲ့ ဆောင်ရွက်မယ်ဆိုရင် လက်ရှိဖြစ်ပေါ်နေတဲ့ ပြဿနာအတော်များများ ပြေလည်သွားမယ်လို့ သုံးသပ်ပါတယ်။

– ချင်းလူမျိုးများ သမိုင်းတစ်လျှောက် ဗြိတိသျှအင်ပါယာမှလွဲ၍ မည်သည့်လက်အောက်ရောက်ရှိခဲ့ ခြင်းမရှိပဲ ချင်းလူမျိုးများ ပိုင်ဆိုင်သည့် နယ်မြေအားလုံးကို အသက်နှင့်အမျှ ကာကွယ်ခဲ့ကြသည့် လူမျိုးဖြစ်သည်။ မြန်မာနိုင်ငံလွတ်လပ်ရေးကျိုးပမ်းမှု သမိုင်းတစ်လျှောက်၊ လွတ်လပ်ရေး ခေတ်ဉီး ပြည်ထောင်စုမပြိုကွဲရေး အတွက် ကိုယ်ကျိုးစွန့်အနစ်နာခံကာ စွန့်လွှတ်စွန့်စားခဲ့သော လူမျိုးဖြစ်အဖြစ် ဘိုးဘေးများအနေဖြင့် မှတ်ကျောက်တင်ခဲ့ကြသည်။ ယနေ့တော်လှန်ရေး ဆောင်ရွက်နေသည့် ချင်းလူမျိုးအားလုံး ရှေးဘိုးဘေးတို့ ထိန်းသိမ်းခဲ့သော ကောင်မွန်သည့် သမိုင်းမှတ်ကျောက်များအား အထူးထိန်းသိမ်းကြဖို့ ဆန္ဒပြုလိုက်ရပါတယ်။

ချင်းလုလင်

Leave a comment