• Specific News

  • November 2021
    S M T W T F S
     123456
    78910111213
    14151617181920
    21222324252627
    282930  
  • Donate Us

    Category 1: at the following link https://www.gofundme.com/manage/assistance-to-victims-of-military-coup-in-burma (or) Category 2: https://matupi.org/aids/

A lesson to learn from Karen Revolution

𝗞𝗮𝗿𝗲𝗻 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗨𝗻𝗶𝗼𝗻 

ကရင်နိုင်ငံရေးစကားဝိုင်း

Karen Political Talk

Part 1

မေး။ ။ကရင်လက်နက်ကိုင်တော်လှန်ရေး ဘာကြောင့်စတင်ခဲ့ကြရတာလဲ?

ကေအဲန်ယူ ဗဟိုကော်မတီဝင် ပဒိုစောသမိန်ထွန်းမှ အခုလိုဖြေကြားခဲ့ပါသည်။

ကရင့်သမိုင်းနောက်ကြောင်းကို သိဖို့လိုပါတယ်။

ပဒေသရာဇ်လက်ထက်မှာဆိုရင် ကျွန်တော်တို့ ကရင်တွေက အရိုင်းဆိုပြီး ပြောခံထားရတဲ့ လူတွေ။ အခွန်၊ဘဏ္ဏာဆက်သရင် ပျားရည်ပဲရှိတယ်။ ကျန်တာဘာမှမရှိဘူး။ ဒါမျိုးတွေ အထင်သေးခံထားရတဲ့ လူမျိုးတမျိုးဖြစ်လာတယ်။

အင်္ဂလိပ်ကိုလိုနီနယ်ချဲ့တွေက ဗမာပြည်ကိုသိမ်းပိုက်လိုက်တဲ့အခါကျတော့ သူ့တို့အကျိုးရှိမဲ့သူတွေကို ရွေးချယ်လိုက်တဲ့အခါကျတော့ ကရင်တွေကရိုးရိုးသားသားပဲနေတယ်။ လိမ်တာညာတာမရှိဘူး။ ခိုင်းရင်လည်းသစ္စာရှိရှိအလုပ်လုပ်တယ်။ ဆိုတာမြင်တော့ အဲ့ဒါကိုသူတို့က လာစည်းရုံးခဲ့တယ်။ လာစည်းရုံးတော့ ကရင်တွေကလည်း ရှေးပဒေသရာဇ်ခေတ်ထဲက ပဒေသရာဇ်တွေက အမျိုးမျိုးနှိပ်စက် အနိုင်ကျင့်ထားတာတွေက အများကြီးရှိခဲ့တယ်။

ကရင့်ဘဝက ဘယ်လိုဖြစ်သွားသလဲဆိုတော့ မွန်ပဒေသရာဇ်လက်ထက်မှာလည်း ကျွန်၊ မြန်မာပဒေသရာဇ်ခေတ်မှာလည်း ကျွန်ပဲ၊ အင်္ဂလိပ် ကိုလိုနီခေတ်မှာလည်းကျွန်ပဲ။

ကျွန်ဖြစ်ခံရတာချင်းတူတူ မွန်ပဒေသရာဇ် ၊ မြန်မာပဒေသရာဇ် လက်အောက်မှာက ကိုယ့်ထမင်းကိုယ်စားပြီး ကိုယ့်ဓား၊ကိုယ့်တူးရင်းနဲ့ အလုပ်လုပ်ကြရတယ်။ ဘာမှ အကျိုးခံစားခွင့်မရှိဘူး။ အလုပ်ပျက်ကွက်ရင်လည်း အသတ်ခံရတာတို့ အရိုက်နှက်ခံရတာတို့ရှိတယ်။

အင်္ဂလိပ်ကိုလိုနီတွေလုပ်လာတဲ့အခါကျတော့ အဲ့ဒီခေတ်မှာလည်း ကရင်က ကျွန်ပဲ။ဒါပေမဲ့ ကျွန်ချင်းတူပေမဲ့ စနစ်ကိုပြောရရင် ပဒေသရာဇ်စနစ်နဲ့ အရင်းရှင်စနစ်ရဲ့ ကွာခြားချက်က အဲ့ဒီမှာကွာသွားတယ်။ အင်္ဂလိပ်ကိုလိုနီတွေရောက်လာတဲ့အချိန်က အရင်းရှင်စနစ်ကို ကမ္ဘာမှာ စတင်ထွန်းကားလာတဲ့အချိန်ကိုး။ ကရင်တွေကိုခိုင်းတယ်။လုပ်အားခပေးတယ်။ အလုပ်တခုကိုလုပ်ခိုင်းတယ်ဆိုရင် အလုပ်လုပ်ဖို့အတွက် ကုန်ထုတ်လုပ်မှု ပစ္စည်းတွေပေးတယ်။ ဆိုလိုတာက သေနတ်လိုရင် သေနတ်၊ပေါက်တူးလိုရင်ပေါက်တူး ၊ ဓားလိုရင်ဓား။ တောထဲခြုံထဲတိုးတဲ့အခါကျရင် မထိမရှရအောင် အဝတ်အထည်ကောင်းကောင်းတွေ ၊ ဆူးမစူးရအောင် ဖိနပ်တွေပေးတော့ ကရင့်အတွက်က ဟန်ကျသွားတာပေါ့။

သူတို့ကကျွန်တော်တို့ကို ခရစ်ယာန်ဘာသာအနေနဲ့လည်း စည်းရုံးသလို၊ပညာလည်းသင်ပေးတယ်။ ဖျားနာတာတွေလည်းကုပေးတယ်။အဲ့တော့ ကရင်တွေက သံယောဇဉ်ရှိသွားတာပေါ့။

သူတို့ကစာတွေသင်ကြားပေးတော့ ကရင်တွေစာတတ်မြောက်လာကြတာပေါ့။

ဒေါက်တာတီသံပြာတို့ ဆိုတာနာမည်ကြီးတွေပေါ့။ လူက ပညာတက်လာပြီဆိုရင် အမြော်အမြင်နဲ့ စဉ်စားလာပြီ၊တွေးခေါ်လာပြီ၊ ကမ္ဘာအကြောင်းလဲ သိလာပြီ၊ ကိုယ်ဘဝ ဘာဖြစ်နေလဲဆိုတာလည်း သိလာပြီ။ အဲ့ဒီတတ်မြောက်မှုကနေပြီးတော့ ကရင်တွေကမြင့်မားတိုးတက်လာတယ်။ အဲ့ဒီအချိန်မှာကျတော့ နိုင်ငံရေးသမားတွေက ဘာပြောလာလဲဆိုတော့ ကရင်တွေက အင်္ဂလိပ်ရဲ့ကျွန်သဘောက်။

ကရင့်လက်နက်ကိုင်တော်လှန်ရေးဖြစ်လာတာတောင်မှ အင်္ဂလိပ်မြှောက်ပေးလို့ဆိုပြီးပြောခဲ့တာ။ တိုင်းပြည်မှာ ကရင်တွေက ပညာရေးမှာလည်း တိုးတက်လာတယ်၊ အစိုးရဝန်ထမ်းတွေထဲမှာလည်း ကရင်တွေက သက်စွန့်ကြိုးပမ်းလုပ်ကိုင်တော့ အင်္ဂလိပ်ကလည်း သဘောကျတယ်။ ခိုးခြင်းဝှက်ခြင်းမရှိ၊ လိမ်ခြင်းညာခြင်းမရှိတဲ့အတွက် ကရင်တွေက နေရာတိုင်းလိုလိုမှာ နည်းနည်းအရေးပါလာတယ်။ စာမတတ်ပေမဲ့ အင်္ဂလိပ်စကားပြောတတ်တယ်။ နိုင်ငံခြားတွေလည်းသွားကြရတယ်။ အင်္ဂလိပ်ကိုလိုနီခေတ်မှာဆိုရင် ကရင်တွေက ပညာတတ်တွေပေါ်ထွန်းလာတယ်။ ဆေးဘက်မှာဆိုလည်း သူနာပြုဆရာမတွေနဲ့ ဆရာဝန်တွေ ပေါ်ထွန်းလာတယ်။ ပညာရေးဘက်မှာလည်း ကျောင်းဆရာတွေ အများကြီးပေါ်ထွန်းလာတယ်။

ဗမာပဒေသရာဇ်အောက်မှာ နေခဲ့ကြတာတွေက အတော်ကိုဒုက္ခရောက်တယ်၊ ကိုလိုနီခေတ်မှာရောက်တဲ့အခါကျတော့ တို့တွေက အတော့်ကိုသက်သာတယ် အသက်ရူချောင်လာတယ်။

တို့ကရင်တွေက တခြားလူမျိုးနဲ့ မပူးပေါင်းပဲ သီခြားကရင်ပြည်ရနိုင်ရင်တော့ ကောင်းမယ်၊ ဒါမှ တို့တွေကလည်း လွတ်လွတ်လပ်လပ်အလုပ်လုပ်နိင်မယ်၊ နို့မို့ဆို ကိုယ်လုပ်လိုက် တခြားလူကဖျက်လိုက် ဘယ်တော့မှ မတိုးတက်တော့ဘူးလို့ အမြင်ရှိခဲ့တယ်။

ဒုတိယကမ္ဘာစစ်ရောက်လာတော့ ဘီအိုင်အေတွေပေါ်လာတယ်။ ဘီအိုင်အေတွေက ဗြိတိသျှနယ်ချဲ့တွေ ဗမာပြည်ကိုလုံးဝပြန်မလာနိုင်အောင် သူ့ရဲ့ကျွန်သဘောက်ဖြစ်တဲ့ ကရင်တွေကိုသတ်ပစ်ရမယ်။အရင်တုန်းက တကယ်ရှိခဲ့တဲ့စကားနော်။

ဗမာအမျိုးသားတွေက မလိမ့်တပတ်နဲ့ဖျောက်ပစ်လိုက်တာ၊ ဖာပွန်ကို ဘီအိုင်အေနဲ့ဂျပန်တွေရောက်လာတဲ့အခါကျတော့ ကရင်ခေါင်းဆောင်တွေကိုတန်းစီပြီးသတ်တယ်၊ ကရင်အမျိုးသမီးတွေကိုလည်း ဖာပွန်ဘောလုံးကွင်းကြီးထဲမှာ ဝန်းထရံကာပြီးမှ မတရားစော်ကားတာတွေလုပ်ခဲ့တယ်။ တကယ့်အဖြစ်မှန်တွေနော်။

မြစ်ဝကျွန်းပေါ်မှာလည်း ဘီအိုင်အေတွေက ဝင်ပြီးရှင်းတဲ့အခါ တံတားကြီးစည်ကျော်ကနေ စတယ်။ တဆင့်တဆင့်လုပ်တော့ မြောင်းမြထိရောက်လာတယ်။ ကရင်ဗမာ အထိကရုဏ်းပဲပြောပြော၊ကရင်ဗမာလူသတ်ပွဲပဲပြောပြော အဲ့ဒါကြီးဖြစ်လာတယ်။ အဲ့မှာကျမှဘာဖြစ်လာလဲဆိုတော့ တို့ကရင်တွေက ပဒေသရာဇ်လက်ထက်မှာလည်းအနှိမ်ခံရ ၊အစော်ကားခံရ ၊ နှိပ်စက်ညှင်းပန်းခံရတယ်။

အခု ဘီအိုင်အေဝင်လာတော့လည်း ပြန်ပြီးခံရပြန်တယ်။ ဗြိတိသျှကိုလိုနီခေတ်မှာပဲ အသက်ရူချောင်ခဲ့တယ်၊ ဒါကြောင့်မို့ ကရင်ပြည်ရှိမှ ရမယ်ဆိုတဲ့ အတွေးအခေါ်က အဲ့ဒီကပေါ်လာတာ။ ဒါကိုပြန်စဉ်စားကြည့်ရင်လည်း သခင်ပေါက်စတွေ ကရင်တွေကို

သတ်ဖို့အတွက် နည်းအမျိုးမျိုးနဲ့ ဂျပန်တွေကိုအကြောင်းပြပြီး လုပ်တာတွေ ကရင်တွေကလည်း မခံနိုင်တော့ပြန်ချတာပေါ့ဗျာ။

မန်းရွှေထွန်းကြာတို့ ဦးဆောင်ပြီတော့/ —–

ဒုတိယကမ္ဘာစစ်ပြီးဆုံးသွားတဲ့အခါမှာ ကရင်တွေက တို့ကကရင်ပြည်ရမှရမယ်။ဒုတိယကမ္ဘာစစ်အတွင်းမှာ ဗမာပြည်ကဗြိတိသျှလက်အောက်ခံတပ်တွေက အိန္ဒိယကိုရောက်သွားတာ၊ အဲ့တော့ မင်းတို့က ကရင်ပြည်သိပ်ရချင်တဲ့သူတွေ လက်မှတ်ထိုးဆိုလို့

ထိုးတယ်။ ဂျန်ရယ်ဝင်းဂိတ်က လက်မှတ်ထိုးတယ်၊စစ်ပြီးရင်ရအောင်လုပ်ပေးမယ်။ ဂျန်ရယ်ဝင်းဂိတ်က လေယာဉ်ပျံ ပျက်ကျလို့ဆုံးသွားတယ်။ မေဂျာဆီးဂရင်းက ပြောတယ် “မင်းတို့ကရင်တွေကို ငါ့နှလုံးသားမှာရှိတယ်” ဒါပေမဲ့ ” ဗမာက ငါ့ခေါင်းမှာရှိတယ် ငါ့ဦးနှောက်မှာရှိတယ်” အဲ့လိုပြောခဲ့တာ။

ကရင်ပြည်လုပ်ပေးမယ်ဆိုရင်လည်း ဗြိတိသျှဓနသဟာရ အောက်မှာနေပါ ၊ ကရင်တွေကလည်း ဗမာပဒေသရာဇ်အောက်က လွတ်ရင်တော်ပြီလေဆိုပြီး လက်ခံလိုက်တယ်။

ဒါပေမဲ့ မေဂျာဆီးဂရင်းကို ဂျပန်သတ်လို့သေသွားတယ်။ ဒုတိယကမ္ဘာစစ်ပြီးတဲ့အခါ သွားတောင်းတော့ အားလုံးပေးမှာ။ အဲ့တော့မင်းတို့ရချင် ဗမာဆီသွားတောင်းဆိုတော့ ဗိုလ်ချုပ်အောင်ဆန်းဆီကနေ ကရင်ပြည်ကိုသွားတောင်းကြတယ်။ ကရင်ပြည်ရစေရမယ်၊ ကရင်တစ်ကျပ် ဗမာတစ်ကျပ်တကယ့်ကိုရပါ့စေမယ်လို့ ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တဲ့စကား ဖြစ်တယ်။

ဗိုလ်ချုပ်အောင်ဆန်းတို့က အင်္ဂလန်ကိုသွားပြီးတောင်းဆိုတဲ့အခါကျတော့ သခင်ဘစိန်၊ ဂဠုန်ဦးစော နှင့် ဗိုလ်ချုပ်အောင်ဆန်း တို့ပါဝင်တယ်။ သခင်ဘစိန်က လုံးလုံးစီးပွားရေးရော နိုင်ငံရေးရော လွတ်လပ်မှုပေးပါတောင်းတယ်။ ဂဠုန်ဦးစော ကျတော့ လွတ်လပ်ရေးပေးပါ ဒါပေမဲ့ ဗြိတိသျှ ဓနသဟာရအောက်မှာပြန်နေမယ်။ ဗိုလ်ချုပ်အောင်ဆန်းကျတော့ လွတ်လပ်ရေးရချင်တယ်။

အဲ့မှာ ဗြိတိသျှနဲ့ အပေးအယူလုပ်တော့ နိုင်ငံရေးလွတ်လပ်ခွင့်အားလုံးပေးပေမဲ့ ဗြိတိသျှက သူ့ရဲ့စီးပွားရေးလုပ်ငန်းတွေဖြစ်တဲ့ ဧရာဝတီဖလိုတီလာ ၊ စတီးဘရားသား ၊ တီးဖစ်လေးတို့ကို ဆက်လက်လုပ်ပိုင်ခွင့်ပေးပါဆိုပြီး အပေးအယူလုပ်ခဲ့ကြတယ်။

အောင်ဆန်းအီတလီစာချုပ်က ရွှေရည်စိမ်လွတ်လပ်ရေးပေါ့။ နိုင်ငံရေးအရလွတ်လပ်ပေမဲ့ စီးပွားရေးအရ မလွတ်လပ်ဘူး။ ကရင်က ဗိုလ်ချုပ်အောင်ဆန်းဆီသွားတောင်းတော့ ” ဘယ်မှာလဲ ကရင်ပြည်ကိစ္စဘာမှမပြောခဲ့ပါလားဆိုတော့ ” ဗိုလ်ချုပ်က “ခင်ဗျားတို့ ကရင်ပြည်ကိစ္စမေ့လိုက်ပါဗျာ” “ကရင်တစ်ကျပ် ဗမာတစ်ကျပ်ကိုတော့ အပြည့်အဝရမယ်လို့ပြောခဲ့တယ်။ အဲ့ဒါကို ကရင်တွေက မကျေနပ်ဘူး။ အဲ့ချိန်တုန်းက ဖဆပလ အဖွဲ့ချုပ်ထဲမှာဆိုရင် KNUလည်းပါတယ်။ အစည်းအဝေးတစ်ခုမှာဖဆပလအဖွဲ့ချုပ်ကနေစောဘဦးကြီးက နှုတ်ထွက်လိုက်တယ်။ စံဖိုးသင်က ဖဆပလအဖွဲ့မှာ စောဘဦးကြီးနေရာအစားထိုးဝင်ရောက်တယ်။မန်းဘခိုင်ကလည်း ဖဆပလထဲမှာဆက်လုပ်နေတုန်းပဲ။ စောဘဦးကြီးက KNUဥက္ကဠအဖြစ်ဆောင်ရွက်ပြီး ဗြိတိသျှဆီ နောက်ဆုံးစာတစောင်ရေးသားပေးပို့ခဲ့တယ်။ဒါပေမဲ့ ရန်ကုန်မှာရှိတဲ့ဘုရင်ခံရဲ့ ရုံးအုပ်က မပေးပဲသိမ်းထားလိုက်တယ်။

စောဘဦးကြီးကလည်း ပြန်စာမရတဲ့အတွက် လုပ်စရာရှိတာဆက်လုပ်တော့မယ်ဆိုပြီး ကရင်လူထုကို စတင်စည်းရုံးတော့တယ်။ (ဒါမျိုးတွေတကယ်ဖြစ်ခဲ့တယ်။

နောက်ပိုင်းမှာ ကျွန်တော်ပြန်စုံစမ်းကြည့်တော့ ဗြိတိသျှရဲ့ စာကြည့်တိုက်မှာ မြန်မာပြည်နဲ့ ပက်သတ်တဲ့အပိုင်းတွေကို သော့ခေတ်သိမ်းထားတယ်။ အဲ့စာကို ကျွန်တော်တို့ကြည့်ခွင့်မရဘူး။ )

အဲ့ဒါနဲ့ပဲ ကျွန်တော်တို့ကရင်ပြည်ရရှိရေးကို ၁၉၄၇ ဖေဖော်ဝါရီ၅ရက်နေ့ မှာ KNUကိုဖွဲ့စည်းခဲ့တယ်။ အဲ့ချိန်တုန်းက ဗမာပြည်အနေအထားကလည်း လက်ကိုင်တုတ်တပ်တွေရှိကြတယ်။ ဗိုလ်ချုပ်အောင်ဆန်းဆိုရင်လည်း ပြည်သူရဲဘော်ဆိုပြီး တပ်အင်အား၅ထောင်ရှိတယ်။ ဂဌုန်ဦးစောတို့မှာလည်းရှိတယ်၊ ဒေါက်တာဘမော်တို့ဆိုရင်လည်း ဝါးရင်းတုတ်တပ်ဆိုပြီးရှိခဲ့ကြတာပဲ။

အဲ့ဒီအချိန်ကာလမှာ ကရင်တွေအနေနဲ့ နိုင်ငံရေးတင်မက အမျိုးသားကိုကာကွယ်ဖို့ တပ်တစ်တပ်တော့ရှိသင့်တယ်ဆိုပြီး KNDOကို ၁၉၄၇အတွင်းမှာပဲဖွဲ့စည်းခဲ့တယ်။

သင်တန်းတွေပေးပြီ ကရင်အမျိုးသားကျေးရွာတွေကို ကာကွယ်ဖို့လုပ်ကြတယ်။ ဗမာတွေ အရှုပ်အထွေး နဲ့ ကရင့်ပြင်ဆင်မှုက ထိတွေ့မှုတွေဖြစ်လာတော့ ပြသာနာတွေကများလာတယ်။ ၁၉၄၈ ဇန်နဝါရီလ(၄)ရက်နေ့တွင် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီဖြစ်ကြောင်းကြော်ငြာတယ်။

၁၉၄၈ ဇန်နဝါရီလ(၅)ရက်နေ့မှာ ကရင်ပြည်လွတ်လပ်ရေးရကြောင်းကြော်ငြာခဲ့တယ်။ အဲ့ဒီခေတ်ကာလက ကမ္ဘာ့နိုင်ငံတနိုင်ငံက အသိမှတ်ပြုပေးရင် အကျုံးဝင်တယ်။ ဗမာတွေ(၄)ရက်နေ့မှာ လွတ်လပ်ရေးကြော်ငြာတာကို ဗြိတိသျှက အသိမှတ်ပြုပေးခဲ့ပေမဲ့ ကရင်ကျတော့ (၅)ရက်နေ့ကြော်ငြာတာ ဘယ်နိုင်ငံမှ အသိအမှတ်မပြုဘူး။

အဲ့ဒါနဲ့ တရားမဝင်ဘူးဖြစ်သွားတယ်။

ဗိုလ်ချုပ်အောင်ဆန်းမရှိတော့တဲ့နောက်ပိုင်း ဦးနု နဲ့ ဆက်သွယ်ဆောင်ရွက်ခဲ့တယ်။ ဦးနုနဲ့ စောဘဦးကြီးနဲ့ကလည်း ခင်မင်ရင်းစွဲရှိခဲ့တယ်။ ဗမာတောခိုအဖွဲ့တွေရှိလာတော့ KNDOက ရန်ကုန်ကိုကာကွယ်ပေးခဲ့တယ်။ ဒါပေမဲ့ မြစ်ဝကျွန်းပေါ်မှာကျတော့ ဗမာတောခိုအဖွဲ့တွေနဲ့ KNDOနဲ့ထိပ်တိုက်တွေ့လာတဲ့အခါ တိုက်ပွဲတွေဖြစ်ကြတယ်။ ၁၉၄၈ ဖေဖော်ဝါရီလမှာ ဦးနုဆီကနေ ကရင်ပြည်လွတ်မြောက်ရေးကိစ္စတောင်းဆိုခဲ့တယ်။ ဦးနုကမေးတယ် မင်းတို့ ကရင်ပြည် လိုချင်တာက အထက်ပိုင်းပညာတတ်တချို့ကပဲလိုချင်တာလား အောက်ခြေတောင်သူလယ်သမားတွေကပါ လိုချင်တာလား။ အားလုံးလိုချင်တာ ဆိုရင် ဆန္ဒပြစမ်းပါ လို့ပြောတယ်။

၁၉၄၈ ဖေဖော်ဝါရီလ(၁၁)ရက်နေ့ တပြည်လုံးမှာရှိတဲ့ ကရင်အမျိုးသားနယ်မြေတွေမှာ ဆန္ဒပြကြတယ်။

” ကရင်ပြည်ချက်ချင်းပေး”

“ကရင်တကျပ် ဗမာတကျပ် ချက်ချင်းပြတ်”

” လူမျိုးရေးအထိကရုဏ်းအလိုမရှိ”

” ပြည်တွင်းစစ် အလိုမရှိ ” ဆန္ဒ၄ခုနဲ့ ငြိမ်းချမ်းစွာ အသံတိတ်ဆန္ဒပြကြတယ်။

အဲ့ဒီခေတ်အခါက ကမ္ဘာသတင်းစာကြီးတစောင်က ကမ္ဘာအငြိမ်းချမ်းဆုံးဆန္ဒပြပွဲဟာ ကရင်ဆန္ဒပြပွဲဖြစ်ကြောင်း ရေးသားဖော်ပြခဲ့တယ်။ အဲ့ဒီအချိန်က ဗမာပြည်ရဲ့ လူဦးရေက ၁၈သန်းလောက်ရှိတယ်။ အဲ့အချိန်မှာတောင် ကရင်လူဦးရေက ၁ သန်း ၅သိန်းကျော်ရှိတယ်။ဆန္ဒပြပွဲမှာ ၄သိန်း၅သောင်း၆ထောင်၂ရာလောက်ပါဝင်ခဲ့ကြတယ်။ ဦးနုအနေနဲ့ အရင်ဗမာရွာလို့ထင်ခဲ့တဲ့ရွာတွေက ကရင်အလံထောင်ကုန်တော့ “ကရင့်အင်အားကိုသဘောပေါက်သွားတယ်။ ဦးနု နဲ့ စောဘဦးကြီးတို့ တိုင်ပင်ဆွေးနွေးကြတဲ့အခါကျတော့ ” ကဲ မင်းတို့ကရင်တွေကလည်း ကရင်ပြည်လိုချင်တယ်၊ငါတို့ဗမာတွေကလည်း မပေးနိုင်ဘူး”

ထုတဲ့ဥသျှစ်လည်းကွဲမယ်—-ခံတဲ့ဥသျှစ်လည်းကွဲမယ် ကရင်နဲ့မြန်မာ တဦးကိုတဦးမကြည့်ချင်အောင်ဖြစ်သွားနိုင်တယ်။အဲ့ဒီတော့ ပါလီမန်ထဲကနေ ဆွေးနွေးပါ” ။

စောဘဦးကြီးကလည်းပြောတယ် ” ကျွန်တော်တို့က နဂိုကတည်းကပါလီမန်ထဲကနေ ဆွေးနွေးနိုင်ဖို့ အဲ့ဒီအခွင့်အရေးကို ရအောင်ကြိုးစားလုပ်နေတာပဲ”။

အဲ့ဒီအချိန်မှာပဲ မြစ်ဝကျွန်းပေါ်တွေမှာ ပြသာနာတက်နေပြီ လဲသီးတို့

၊ဘာတို့ ဆိုရှယ်လစ်တွေနဲ့ KNDO ခုတ်ကြ သတ်ကြတွေလုပ်ကုန်ပြီ။

ဒါပေမဲ့ သမိုင်းမှာ ကရင်မြန်မာ အထိကရုဏ်းဒုတိယအကြိမ်လို့မရေးဘူး။

ဒါနဲ့ ဖဆပလအစိုးရက KNDOတွေ လက်နက်ပြန်အပ်ပါ ပြောလာတယ်။

KNDOက လက်နက်မအပ်တဲ့အခါကျတော့ ၁၉၄၉ ဇန်နဝါရီမှာ KNDOကို တရားမဝင်အဖွဲ့အဖြစ်ကြော်ငြာပြီးတာနဲ့ စတင်ပြီး ကရင့်လက်နတ်ကိုင်တော်လှန်ရေးဖြစ်ပေါ်လာခဲ့တယ်။

ရန်ကုန် အင်းစိန်ကနေ ရက်ပေါင်း၁၁ဝ အကြီးအကျယ်တိုက်ပွဲဖြစ်ကြတယ်။ ပြည်မက ကရင်တွေရဲ့အားနည်းချက်က ပြည်မှာရှိတဲ့ “ကယမ်းရိုင်ဖယ်တပ်”နဲ့ “တောင်ငူမှာရှိတဲ့ ကယမ်းရိုင်ဖယ်တပ်”ကိုစောင့်လိုက်တာ။ အဲ့(၂)တပ်က ဖြတ်တိုက်ခံလိုက်ရတော့ စစ်ကူမလာနိုင်တော့ဘူးဖြစ်ကုန်တာ။ အဲ့အချိန်မှာ ဖဆပလ ကလည်း အိန္ဒိယကနေ လက်နတ်ဝယ်တာ အကူအညီတွေရပြီး ၁၉၄၉ ဧပြီမှာ အပစ်အခပ်ရပ်စဲရေး ဆွေးနွေးပွဲလုပ်ကြတယ်။

တဖက်ကလည်း ဦးနုအမှူးပြုတဲ့ ပုဂ္ဂိုလ်တွေပါသလို တဖက်ကလည်း စောဘဦးကြီးအမှူးပြုတဲ့ ပုဂ္ဂိုလ်တွေပါဝင်ဆွေးနွေးခဲ့ကြတယ်။ဆွေးနွေးပွဲရလဒ်ကလည်း လက်နတ်ချရေးပြောလာတယ်။ စောဘဦးကြီးကလည်း ချက်ချင်းလက်နတ်မချပါဘူး။ သူလည်းသေချာစဉ်စားခဲ့တယ်။နောက်ဆုံးကရင်တမျိုးသားလုံးကိုငဲ့ပြီး လက်နတ်ချရေးကို အမျိုးသားခေါင်းဆောင်စောဘဦးကြီးက လက်ခံခဲ့ပေမဲ့ KNDOကိုဦးဆောင်နေတဲ့ မန်းဘဇံ နဲ့ ဟံသာတာမွှေး တို့ကလက်မခံဘူး။

ဒေါက်တာအေးမောင်တို့နဲ့ဆွေးနွေးတယ် မရပါဘူး။ မန်းဘဇံကလည်း အာစရွှန်းရွှင်ရွှင်နဲ့စကားပြောတော့ အဲ့တုန်းကသူ့ကို မီးခဲဘဇံ လို့အခေါ်ခံရတယ်။တခါ ဒေါက်တာဘဦးဆီ မန်းဘဇံက သွားပြန်ဆွေးနွေးပြန်တယ် မရဘူးဆိုတော့ ဆက်ဖြစ်တာပေါ့ဗျာ။ မေလအတွင်းမှာပဲ ပြန်ဆုတ်ခဲ့ရတယ်။ မဆုတ်ချင်ပဲ ဆုတ်ခဲ့ရတယ်။သတင်းစာတွေကတော့ရေးတာပေါ့။(၇)မိုင်အစိုးရတို့ ဘာတို့ပေါ့။

အဲ့ဒီမှာစပြီးတော့ ကရင့်တော်လှန်ရေး ၁၉၄၉ ဇန်နဝါရီ(၃၁)ရက်ကို စတင်သတ်မှတ်ခဲ့တယ်။ ကရင့်လက်နက်ကိုင်တော်လှန်ရေးဆိုတာ ဒီအတိုင်းအကြမ်းပတမ်းဖြစ်ပေါ်ခဲ့တာ မဟုတ်ဘူး ၊ နိုင်ငံရေးအရ ဘယ်လိုမှဆွေးနွေးလို့မရတဲ့အဆုံး လက်နက်ကိုင်တော်လှန်ရေးဖြစ်ပေါ်ခဲ့တာဖြစ်တယ်။

Leave a comment